သန္ဓေတားခြင်း

Guest "လျှောက်တင်ပါရစေဘုရား ကိုယ်ဝန်တားဆေးက သန္ဓေသားဖြစ်လာမယ့်အဆင့် မရောက်အောင် သန္ဓေမအောင်အောင် တားဆီးခြင်းဖြစ်လို့ ပါဏ ဆိုတဲ့ အသက်ကို ဖျက်ဆီးတာ မဟုတ်ဘူးလို့" သိရပါတယ်ဘုရား။




သားလောင်းအဖြစ် ရောက်နိုင်သောအဆင့် မဖြစ်ရလေအောင် ပြုလိုက်ခြင်း ဖြစ်ပါတယ်။ ဒီလို သန္ဓေမအောင်အောင် တားဆီးခြင်း မပြုလို့ သန္ဓေအောင်သွားရင်တော့ ရုပ်ဇီဝိတ နာမ်ဇီဝိတရှိတဲ့ သန္ဓေသား ဖြစ်လာပါတယ်ဘုရား။




သန္ဓေအောင်ပြီး ဖြစ်တည်လာတဲ့ သန္ဓေသားဆိုလျင်တော့ ရက်သား ဖြစ်စေကာမူ အသက်ရှိပါတယ်။ ထိုအဆင့်ရောက်မှ ပါဏာတိပါတကကံ မြောက်မယ်လို့ သိရပါတယ်ဘုရား။


အမိ၏ ကျန်းမာရေးမှာ သန္ဓေသားကို ဆက်လက်လွယ်လျှင် မွေးဖွားလျှင် အသက်ဘေးရှိလို့ ဘယ်သူ့အသက် ရွေးရမလဲ ဆုံးဖြတ်စရာ ဖြစ်လျှင်တော့ ဆက်လက်သန္ဓေစွဲခွင့် ပြုထားခြင်းဖြင့် မှီခိုခံလူသား၏ အသက်ကို ဖျက်ဆီးတော့မည့် သန္ဓေသားကို ဖယ်ရှားပေးရခြင်းမှာ သေစေလိုသောဆန္ဒမပါ လူသား ၁ - ဦး လူ့ဘဝရောက်ဖို့ သူ့အရင်လူသား၏ အသက်ကို ဆုံးရှုံးမခံသင့်သည်ဖြစ်၍ မလွှဲသာ၍ ကိုယ်ဝန်ဆိပ်မတက်မီ အမိမသေမီ သန္ဓေသားကို ဖယ်ရှားပေးရခြင်းမှာ ပါဏာတိပါတကံ မမြောက်ဟု ထင်ပါ

သည်။ အမှားပါလျှင် ခွင့်လွှတ်ပါဘုရား


ရွာဦးကျောင်းဆရာတော်။ ။ အခုလို ပါဝင်ဆွေးနွေးခြင်းကို ကျေးဇူးတင်ပါသည်။

သန္ဓေသားဘဝသို့ မရောက်မီ တားခြင်းသည် ပါဏခေါ် အသက် ဝိညာဉ် မရှိသေး၍၊ ပါဏာတိပါတကံ မထိုက်သေးဟု ဆိုသည်မှာ မှန်ပါသည်။


ဤအတိုင်းဖြစ်ခဲ့လျှင်ကောင်းပါသည်။ တစ်ခု သတိထားရမည်မှာ၊ သိပ္ပံပညာဖြင့် အသက်မရှိသေးဟု ယူဆထားသော ကာလမှ စ၍၊ ကလလရေကြည်(သုပ်သွေး)ဘဝကို အဘိဓမ္မာ သဘောအရ အသက်ရှိသည်ဟု ယူဆပါသည်။ အထက်ပါ ကိုယ်ဝန်တားခြင်း ဆိုရာ၌၊ အဘယ်အချိန်တွင် တားဆီးခဲ့ပါသနည်းဟု ဆိုသည်မှာ အလွန်အရေးကြီးလှပေသည်။


သိပံ္ပဖြင့် အသက်မရှိသေးသော အချိန်ဟု ယူဆထားသော ကာလ၌ တားဆီးခဲ့လျှင်၊ ဥပဒေအရ တရားရင်ဆိုင်ရန် မလိုသော်လည်း၊ အဘိဓမ္မာအရ အသက်ရှိသည်ဟု ယူဆထားချိန်ဖြစ်ခဲ့ပါက၊ ကံထိုက်ပါလိမ့်မည်။


မိခင်၏အသက်ကိုငဲ့ကွက်၍ မလွဲသာ မရှောင်သာ သန္ဓေသားကို ဖျက်ဆီးပစ်ရခြင်းမျိုး များစွာ ရှိကြပါသည်၊ ဤနေရာ၌ စဉ်းစားရန်မှာ၊ မသိနားမလည်သေးသော လူသားခလေးငယ်ဖြစ်၍သာလျှင်၊ မိခင်၏ အသက်ကိုငဲ့၍ အသတ်ခံလိုက်ရခြင်းသာ ဖြစ်ပါလိမ့်မည်။


အကယ်၍သာ အသက်အရွယ်ကြီးနေရင့်နေပြီး ဖြစ်သော သားအား မိခင်၏ အသက်ကိုကယ်ရန်ဟူသော ရည်ရွယ်ချက်ဖြင့်၊ ကိုယ်အင်္ဂါ အစိပ်အပိုင်း တစ်ခုခုကို အလိုရှိ၍ သတ်ခဲ့လျှင် မည်ကဲ့သို့ ဆုံးဖြတ်ကြမည်နည်း။


(အမိဝမ်းထဲ့သို့ မရောက်လာသေးသော သန္ဓေကိုတားလျှင် ကံမထိုက်၊ ရောက်ရှိနေပြီးသော သန္ဓေကိုတားလျှင် မည်သည့်နည်းဖြင့်၊ မည့်သောသို့အကြောင်းကြောင့် တားသည်ဖြစ်စေ၊ ကံထိုက်ပါသည်။)


မည်သူမဆို ပါဝင်ဆွေးနွေး ရေးသားနိုင်ကြပါသည်၊ ဤရွာဦးကျောင်းဘလော့သည်၊ အင်တာနက်တွင် ကျင်လည်ကျက်စားနေကြသည့် လူငယ်မောင်မယ်များကို ဘာသာရေး အသိရှိစေရန် ရည်ရွယ်လျှက်၊ လူငယ်များကျက်စားရာ အင်တာနက်၌ ရေးသားထားခြင်းသာ ဖြစ်ပါသည်၊ မိမိတို့ရေးသားပြုစုသော ကျမ်းဂန်များအတွက် ကိုးကားစရာအဖြစ် တစ်စုံတစ်ခုမျှ ဤဘလော့တွင် မရှိပါကြောင်းနှင့် အမှားပါခဲ့လျှင်လည်း သတိပေးဆုံးမကြပါရန်။

ဆက်ဖတ်ရန်.

ဘာသာရေး အမေးအဖြေများ

အရှင်ဘုရား.....တပည့် တော် ရှိခိုးကန်တော့ လိုက်ပါတယ်ဘုရား ။ တပည့်တော် မသိတာလေးတွေ မေးစရာရှိလို့ ပါဘုရား။
၁။ ခန္ဓာကိုယ်မှာ ကိုက်ခဲခြင်း ၊ ယားယံခြင်းစတဲ့ ဝေဒနာတွေက ဘယ်အာရုံနဲ့ ဘယ်ဒွါရတိုက်တာလဲဘုရား ။


၂။ အိပ်မက်မက်ခြင်း၊ သေငယ်ဇော မျှောနေစဉ် နတ်ပြည်တို့ ငရဲပြည်တို့သို့  ရောက်ခြင်းကို အဘိဓမ္မာသဘောနှင့် ရှင်းပြပေးပါ။ တပည့်တော်သဂြိုလ် ၉ ပိုင်းမှာ ဘုံပိုင်း အထိတော့ လေ့လာဘူးပါတယ် အဲဒီကိစ္စကို မစဉ်းစားတက်လို့ပါ။


၃။ ကိုယ်ဝန်တားဆေး သောက်ခြင်း၊ ထိုးခြင်းများသည် ပါဏာတိပါတကံ ထိုက်ပါသလားဘုရား။


၎။ သူများသားပျို၊ သမီးပျိုကို စိတ်ကူးနှင့် ညစ်ညမ်းစွာ တွေးတောလျှင် ကာမေသု မိစ္ဆာစာရကံ ထိုက်ပါသလားဘုရား။ 

၅။ ဆေးလိပ်သောက်ခြင်း၊ ဘီယာသောက်ခြင်းသည် သူရာမေရကံ ထိုက်ပါသလား။

၆။ လက်မထက်ပဲ အတူနေထိုင်လျှင် ကာမေသုမိစ္ဆာစာရကံ ထိုက်ပါသလား။

၇။ မိမိသော်၎င်း၊ သူတပါးသော်၎င်း နစ်နာမှု တစုံတရာမဖြစ်စေရန်၊ အကျိုးရှိစေရန်အတွက် (အလိမ်ခံရသူလည်းမထိခိုက်) အရိယာများ စကားပရိယာယ် သုံးကြပါသလား အရှင်ဘုရား။ ပြည့်တန်ဆာမနှင့် လူပျိုတစ်ယောက် ဆက်ဆံလျှင် ကာမေသု ထိုက်ပါသလား။

၈။ သူခိုးတစ်ယောက် ခိုးဝှတ်နေသည်ကို မြင်သောအခါ သူခိုး သူခိုး ဟု အော်ကောင်းပါသလား ဆိုတာကိုလဲ ဖြေ ကြားပေးပါ အရှင်ဘုရား။

အဖြေ။ ။၁ ခန္ဓာကိုယ်မှာ ကိုက်ခဲခြင်း ၊ ယားယံခြင်းစတဲ့ ဝေဒနာများသည်၊ အဘိဓမ္မာသဘောအရ ကာယဒွါရနှင့် ဖောဋ္ဌဗ္ဗာရုံတို့ ထိခိုက်သည်ဟုမှတ်ပါ။

၂။ အိပ်မက်မက်ခြင်း၊ သေငယ်ဇောမျှောနေစဉ် နတ်ပြည်တို့ ငရဲပြည်တို့သို့ ရောက်ခြင်းတို့သည်၊ အဘိဓမ္မာသဘောအရ၊ ဘဝင်စိတ်ကျနေခြင်းကိုခေါ်သည်၊ မှတ်သားရန်မှာ= မနောဒွါရဝီထိ၌ အာရုံကို အတိအကျဖမ်းယူ မှတ်သားနိုင်ခြင်းမရှိသော၊ ပရိတ္တာရုံဝီထိကိုဆိုလိုသည်။

၃။ ကိုယ်ဝန်တားဆေး သောက်ခြင်း၊ ထိုးခြင်းများသည် ပါဏာတိပါတကံ ထိုက်ပါသည်။ မိခင်များကိုယ်ဝန်နေစဉ်၊ ကလလရေကြည်မှ စ၍ ဇိဝိတခေါ် အသက်ဝိညာဉ် ရှိနေသောကြောင့်ဖြစ်ပါသည်။ ရဟန်းတော်များ အမျိုးသမီးများအား ကိုယ်ကျဆေး တိုက်ပါက၊ လူသတ်မှုမြောက်၍၊ ပါရာဇိက အာပတ်သင့်ပါသည်။
 
မှတ်ချက်။    ။  အမိဝမ်းထဲ့သို့ မရောက်လာသေးသော သန္ဓေကိုတားလျှင် ကံမထိုက်၊ ရောက်ရှိနေပြီးသော သန္ဓေကိုတားလျှင် မည်သည့်နည်းဖြင့်၊ မည့်သောသို့ အကြောင်းကြောင့် တားသည်ဖြစ်စေ၊ ကံထိုက်ပါသည်။


၎။ သူများသားပျို၊ သမီးပျိုကို စိတ်ကူးနှင့် ညစ်ညမ်းစွာ တွေးတောလျှင် ကာမေသုမိစ္ဆာစာရကံ မထိုက်ပါ၊ ၄င်းသိက္ခာပုဒ်အရ ကာယကံမြှောက်ကြူးလွန်မှသာ ကံထိုက်သည်ဟုမှတ်ပါ။ သို့သော်- စိတ်နှင့်ပြစ်မှားမိသောကြောင့်၊ မနောကံဒုစရိုက်ဖြစ်သည်ဟုမှတ်ပါ။

၅။ ဘီယာသောက်ခြင်းသည်၊ သုရာမေရယကံ ထိုက်ပါသည်။ ဘီယားဆိုသည်မှာ၊ အရက်၏အမည် တစ်မျိုးသားဖြစ်သည်၊ ထို့ကြောင့် ဘီယာကို အရက်မဟုတ်ဟု မသတ်မှတ်သင့်ပါ။ 

ဆေးလိပ်သောက်ခြင်းသည် သုရာမေရယကံမထိုက်ပါ။ အခြားသောမူးယစ်ဆေးများကို ဆေးလိပ်၌ ထဲ့၍သုံးစွဲလျှင် ကံထိုက်ပါသည်။ သုရာ- ဟူသည်မှာ၊ သေရည် အရက်ဟု အဓိပ္ပါယ်ရပါသည်။

၆။ လက်မထက်ပဲ အတူနေထိုင်လျှင် ကာမေသုမိစ္ဆာစာရကံ ထိုက်ပါသလား ဆိုရာ၌၊ မည်ကဲ့သို့ လက်ထပ်သည်ကို ဆိုလိုသနည်းဟု ရှေးဦးစွာသိဖို့ လိုအပ်ပေသည်။ နှစ်ဦးသဘောတူ လက်ထပ်ထားခဲ့လျှင် ကံမထိုက်ဟုမှတ်သားရပါမည်။ လက်ထပ်ခြင်းသည် ပွဲလမ်းသဘင် လုပ်သည် မလုပ်သည်နှင့်မဆိုင်၊ အကြင်လင်မယားအဖြစ် အသိအမှတ်ပြုသည် မပြုသည်နှင့်သာ ဆိုင်လေသည်။

လက်မထပ်ပဲ အတူနေထိုင်ခြင်းဆိုရာ၌= အဂမနီယ၀တ္ထု အရ ကာမပိုင် မရှိသေးသော အပျိုသည် မိမိကာမကို မိမိပိုင်သဖြင့် မည်သည့်ယောက်ျားနှင့် ဆက်ဆံသည်ဖြစ်စေ ကာမေသုမိစ္ဆာစာရ မထိုက်ဟုဆိုပါသည်။


စေ့စပ်ထားသူမှအစ မိမိကို ပိုင်ဆိုင်သူ ရှိပြီးဖြစ်သော မိန်းမအတွက်ကား ထိုကာမပိုင် ယောက်ျားမှ တစ်ပါး အခြားယောက်ျားနှင့် ဆက်ဆံလျှင် ကံထိုက်ပါသည်။

ယောက်ျားဖက်တွင်ကား မိမိပိုင် မိန်းမမှတစ်ပါး အခြားမည်သည့် မိန်းမနှင့်မဆို ကံထိုက်ပါသည်။ (အပျိုနှင့်ဆက်ဆံရာတွင် မထိုက်ဟု ထင်ကြသည်။ သတိပြုပါ။) ပြည့်တန်ဆာမနှင့် ဆက်ဆံရာတွင် ကိုယ့်ထက်အရင် ငွေပေးထားသူရှိနေပါက နောက်ယောက်ျား ကံထိုက်၏။
ပြည့်တန်းဆာမဘက်ကလည်း ငွေလက်ခံထားပြီး ထိုယောက်ျားနှင့် မပြီးပြတ်ခင် အခြားယောက်ျားကို လက်ခံလျှင် ကံထိုက်၏။

အိမ်ထောင်မရှိသူများ လွတ်လပ်စွာနေကြရာ၌ မယားအမှတ်ဖြင့် ပေါင်းသင်းဆက်ဆံလျှင် (မိဘ သဘောတူသည်ဖြစ်စေ, မတူသည်ဖြစ်စေ) ဆန္ဒ၀ါသီနီ - ဟူသော အလိုတူ၍နေသော မယားအရာမြောက်၍ ယောက်ျား ကံ မထိုက်။
အမျိုးသမီးဘက်တွင်လည်း စေ့စပ်ထားသူ, ငွေပေးထားသူ စသော ပိုင်ဆိုင်သူ မရှိသေးလျှင် ကံမထိုက်ဟု မှတ်ပါ။

၇။ မိမိသော်၎င်း၊ သူတပါးသော်၎င်း နစ်နာမှု တစုံတရာမဖြစ်စေရန်၊ အကျိုးရှိစေရန်အတွက် (အလိမ်ခံရသူလည်း မထိခိုက်) အရိယာများ စကားပရိယာယ်သုံးကြပါသည်။ ဥပမာအားဖြင့်- မြတ်စွာဘုရားသည် ညီတော်နန္ဒမင်းသားအား တရားထူးကို ရရှိစေရန်အတွက်၊ ဥပါယ်တမျည် ဟုခေါ်သော နည်းပရိယာယ်ဖြင့်၊ စည်းရုံးဖူးသည်ကို ဖတ်ရှု့ရပါသည်။

ပြည့်တန်ဆာမနှင့် လူပျိုတစ်ယောက်ဆက်ဆံလျှင် ကာမေသု ထိုက်ပါသလား။ ဟူသော မေးခွန်းကို (နံပါတ် ၆ အဖြေတွင်၊ ပြန်လည်ဖတ်ရှု့ပါ။

၈။ သူခိုးတစ်ယောက် ခိုးဝှတ်နေသည်ကိုမြင်သောအခါ သူခိုး သူခိုး ဟု အော်ကောင်းပါသလား ဆိုရာတွင်၊ အော်ကောင်းပါသည်ဟု ဖြေဆိုရပါမည်။ အဘယ်ကြောင့်ဆိုသော်၊ ထိုကဲ့သို့သတိပေးခြင်းအားဖြင့်၊ သူခိုးလည်း အဒိန္နာဒါနာ သိက္ခာပုဒ်မှ ကင်းလွတ်ပြီး၊ ပိုင်ရှင်မှာလည်း မိမိ၏ကိုယ်ပိုင် ပစ္စည်းဆုံးရှုံးခြင်းမှ ကင်းလွတ်ပါလိမ့်မည်။

သို့သော် မိမိဖက်မှ စိတ်ထားတတ်ဖို့ တော့လိုအပ်ပေသည်။ ထိုကဲ့သို အသိပေးခြင်းဖြင့်၊ သူခိုးလည်း အဒိန္နာဒါန- ခိုးခြင်းအကုသိုလ်မှ ကင်းဝေးပါစေ၊ အိမ်ရှင်မှာလည်း ဘောဂဗျာသန- စည်းစိမ်ဥစ္စာ ပျက်စီးခြင်းမှ ကင်းဝေးပါစေဟု ထားဖို့လိုအပ်လှပေသည်။

ဆက်ဖတ်ရန်.

ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်ကြပါစေ။

"အို ကာလမတို့-

(၁)တဆင့်စကား အဆင့်ဆင့်ကြားရသည်တို့အပေါ်မှာလည်း အပြီးသတ် ဆုံးဖြတ်ချက်မချကြကုန်နှင့်။

(၂) သင်တို့အထက်က ဘိုးဘေးဘီဘင် အစဉ်အဆက်လာ ဓလေ့ထုံးတမ်းများကိုလည်း
အဆုံးသတ် အားကိုးပြီး အဟုတ်မှတ်၍ မကျင့်သုံးကြကုန်နှင့်။

(၃)အခြေအမြစ်မပါသည့် သူပြောငါပြော ကောလာဟလ စကားတို့ကိုလည်း လက်ခံမမှားကြကုန်နှင့်။

(၄)ဘာသာရေးကျမ်းစာတို့၏ အရှိန်ဩဇာအောက်မှာလည်း နစ်မြုပ်၍မနေကြကုန်နှင့်။

(၅) အကျင့်နှင့် အသိမပါ တက္ကီဝါဒီတို့၏ အတွေးအခေါ်များကိုလည်း ဟုတ်ပြီ မှန်ပြီဟု အတည်မယူကြကုန်နှင့်။

(၆)အခြားအခြားသောလူတို့ အခြားအခြားသော အယူဝါဒတို့ထံမှ ပုံတူကူး၍ ကျင့်သုံးခြင်းသည်လည်း မိမိတို့ ဘဝနှင့် အပ်စပ်လိမ့်မည်ဟု အတည်တကျ မယူကြကုန်နှင့်။

(၇) မိမိတို့အတွေးအခေါ် အယူအဆကို မိမိတို့၏ အတွေးဖြင့်သာလျှင် အကြောင်းယုတ္တိပေး၍ တင်ပြနိုင်ရုံမျှဖြင့် ကိုယ့်အတွေး ကိုယ့်ယုတ္တိ ဟုတ်ပြီဟု မယူကြကုန်နှင့်။

(၈)ဆရာတစ်ယောက်ယောက် လာရောက်ဟောပြောချက်သည် မိမိတွေးထင်ထားသည်နှင့် ကိုက်ညီသွားပြီဆို ရုံမျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု မယူဆကြကုန်နှင့်။

(၉) လေးစားထိုက်သော လောကကဂရုပြုနေသည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ဝါဒသည် ဖြစ်နိုင်ဖွယ်ရှိသည်ဟူ၍လည်း တစ်ထစ်ချ မယူကြကုန်နှင့်။

(၁၀) မိမိတို့ ဆည်းကပ်ကိုးကွယ်သော ဆရာတို့၏ စကားတိုင်းသည်လည်း ဟုတ်ပြီမှန်ပြီ အကျိုးရှိပြီဟု အပြီးသတ် မမှတ်ယူကြကုန်နှင့်။
ဟူ၍ ဘုရားရှင် မိန့်မှာတော်မူခဲ့သည်ကို သတိမူကြလျှက်=

ဤဘလော့၌ ရွာဦးကျောင်းဆရာတော် ဤကဲ့သို့ ဖြေကြားထားသည်ဟူ၍လည်း ဟုတ်လှပြီဟု အပြီးသတ် မမှတ်ယူကြစေချင်ပါ။


  © Blogger templates Palm by Ourblogtemplates.com 2008

Back to TOP