အခု တလော ရွာဦးကျောင်းဆရာတော်၏ အလွန်တရာအားကိုး အားထားရသော တပည့်ကျော် ကပ္ပိယကျော်ခေါင် တစ်ယောက် ပျောက်ခြင်းမလှ ပျောက်နေရခြင်းမှာကား တစ်ကြော့ပြန်ဘိုးမှန် ဆိုသူ၏ ပယောက မကင်းလှပေ၊ ၄င်း တစ်ကြော့ပြန်ဘိုးမှန် ဆိုသူသည် နာမည်နဲ့ လိုက်ဖက်ညီအောင် စကားကို ထပ်ခါတလေ့လေ့ ပြောဆိုလေ့ရှိ၏၊ ပြောပြီးသောစကားကို အနည်းဆုံး တစ်ကြော့ပြန်၍ မပြောရလျှင် စာဝင်အိပ်ပျော်ရှိလှသူမဟုတ်ပေ။
စကားပြောလျှင်လည်း ” ခုနားက ပြောခဲ့သလို ” ဟူ၍ နိဒါန်းချီကာ ပြောဆိုတတ်လေ၏၊ သူပြောသော စကားများတွင် ဂျပန်ခေတ် မြန်မာပြည်အကြောင်းမပါလျှင် မပြီး၊ တစ်ခုခုကို နှိုင်းယှဉ်၍ ပြောရာတွင် လည်း ” ငါ ဂျပန်ခေတ်က လုပ်ခဲ့သလိုမျိုးပေါ့” ” ဂျပန်ခေတ်က ငါ့ အဖိုးကိုင်ခဲ့တဲ့ ဓားမျိုးပေါ့” ” ဇာဇီပြင်ကုန်းမှာ ဂျပန်စစ်သားတစ်ယောက်ကို ငါတို့အဖွဲ့လက်ပြန်ကြိုးတုတ်ခဲ့တုန်းကပေါ့” စသည်စသည်ဖြင့် အာဘောင်အားရင်း သံသံ ပြောဆိုလေ့ရှိ၏။
အခုလည်းကြည့်.. မြို့မှာ ငါးထောင်တန်း ထွက်တယ်ဆိုလား ဘာဆိုလား ကြားတာနဲ့ ၊ ဂျပန်ခေတ်ကို ရောက်သွားပြန်ရော့၊ ” အံမယ်..ငါတို့ ဂျပန်ခေတ်တုန်းက ဆိုရင် လက်ထည့်မှာ ငွေ ၁၀ လောက်ရှိရင် မြို့ကိုသွား ပုဆိုးတစ်ထည်ဝယ် အင်္ကျီးတစ်ထည်ဝယ် မုန့်အဝစား ဒါတောင် ငွေက မကုန်နိုင်သေးလို့ ၊ ဟို…ဂျပန်စကားပြန် လုပ်စားနေတဲ့ ဖိုးလုံးနဲ့  အတူ ယမကာလေး ဘာလေး သောက်လိုက်သေးတယ် မင်းတို့ခေတ်ကျမှ ဘာတွေလည်းကွာ” ဟူ၍ ညဉ်းတွားနေလေတော့၏ ။ သိုသော် ကပ္ပိယကျော်ခေါင် နှင့် ရွာသားလူငယ်တစ်စုတို့သည်လည်း တစ်ကြော့ပြန်ဘိုးမှန်၏ စကားကို မည်သူတစ်ဦးတစ်ယောက်ကမျှ ပြန်လည် ချေပနိုင်ခဲ့ခြင်း မရှိကြပေ။ ကိုယ့်ကိုကိုယ့် အလွန်ဗဟုသုတ ရှိသူဟု ယူဆထားသော ကပ္ပိယကျော်ခေါင်သည်ပင်လျှင် ဘာမျှ ပြန်မပြောနိုင်ခဲ့ပေ။ အကြောင်းမှာကား… ဂျပန်ခေတ်က သုံးခဲ့သည်ဆိုသော ငွေစက္ကူကို၎င်း၊ ယ္ခုထွက်နေသည်ဆိုသော ငွေစက္ကူကို၎င်း ကပ္ပိယကျော်ခေါင် နှင့်တကွ ရွာသူရွာသားများ အားလုံး မည်သူမျှ မြင်ဖူးခဲ့ခြင်းမရှိသေး သောကြောင့်တည်း။ ။
0 Comments:
Post a Comment