ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရှိ တက္ကသိုလ်အသီးသီးတွင် ပညာသင်ကြားနေကြသော မြန်မာစာသင်သား ရဟန်းတော်များ သတင်းသုံးရန်အတွက် ကျောင်းဆောင်ငယ် တစ်ဆောင်ကို စာသင်သားများကိုယ်တိုင် ကမကထ ပြုလုပ်ကာ ဆောက်လုပ်ခဲ့ကြပြီး ယင်းကျောင်းရေစက်ချပွဲကို ယမန်နေ့ က ဘန်ကောက်မြို့  ဘန်းခေးအရပ်ရှိ ၀ပ်တလုမ့် ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြသည်။
အထူးသဖြင့် ရွှေဝါရောင် တော်လှန်ရေးကာလ နောက်ပိုင်းတွင် ပြည်ပသို့ ထွက်ခွါကာ ခေတ်မီနည်းစနစ်များဖြင့် သင်ကြားမှုကို ပိုမိုခုံမင်လာကြသည်။ ထို့ ကြောင့် အိန္ဒိယ။ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံများရှိ တက္ကသိုလ်များတွင် မြန်မာစာသင်သား ရဟန်းငယ် များစွာကို ဖူးတွေ့ လာကြရသည်။
´ဦးဇင်းတို့  ဒီမှာ ကျောင်းတက်ရတာ အဆင်ပြေပေမဲ့ နေရေးထိုင်ရေး အရမ်းခက်ခဲတယ်ဒကာ။ အခု ဦးဇင်း နေရတဲ့ အခန်းက တပါးစာဘဲရှိတယ်။ ဒီနေရာလေးကို သုံးပါးနေရတယ်။ ဒါကြောင့် ဦးဇင်းတို့ ကို လက်ခံထားတဲ့ ၀ပ်တလုမ့်ကျောင်း ဆရာတော်က မင်းတို့ ကို ငါမြေနေရာပေးမယ် တတ်နိုင်ရင်ဆောက်ကြဆိုလို့  ဒီမှာရှိနေတဲ့ မြန်မာ သံဃာ တရာကျော်က တပါးစီကို ဘတ် ၅၀၀ စီ စုပြီး စလုပ်ကြတာ´ ဟု မိန့် ကြားသည်။ ဦးကုဏ္ဍလသည် မြန်မာ စာသင်သား ရဟန်းတော်များအဖွဲ့ (ထိုင်း) ၏ ပြန်ကြားရေးအဖွဲ့ ဝင်ဖြစ်သည်။
ထို့ ပြင် ယခုနှစ်တွင် ပထမအကြိမ်ပြုလုပ်သော ၀ါဆိုသင်္ကန်းကပ်ပွဲမှ ရရှိသော အလှူငွေများနှင့် စက်ရုံအလုပ်ရုံများမှ ရွှေ့ ပြောင်းအလုပ်သမားများ၏ စုပေါင်းလှူဒါန်းခြင်းများဖြင့် ယခုကျောင်းဆောင်သစ် ပေါ်ထွန်းလာခြင်းဖြစ်သည်ဟု သိရသည်။
မဟာမကုတက္ကသိုလ်နှင့် မြန်မာရဟန်းတော်တစ်ပါး
ယင်းဝါဆိုသင်္ကန်းကပ်ပွဲတွင် မြန်မာနိုင်ငံမှ နာမည်ကျော် ဓမ္မကထိ ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်) လာရောက် ဟောကြားသဖြင့် ထောင်ချီသော ပရိသတ်များ လာရောက်ကာ လှူဒါန်းခဲ့ကြသည်။
´၀ါဆိုသင်္ကန်းကပ်ပွဲက ရတဲ့ ပိုက်ဆံကိုလည်း ကျောင်းဆောက်တဲ့နေရာမှာဘဲ သုံးကြတယ်။ နောက်ပိုင်း ဒကာ ဒကာမတွေ တဆင့်စကား တဆင့်နားကြားလာကြလို့  လာလာလှူကြတယ်´ ဟု ဦးကုဏ္ဍလက ဆိုသည်။
မြန်မာ ရဟန်းတော် ၁၀၀ ကျော် အပါအ၀င် နိုင်ငံခြးသား သံဃာ ၃၀၀ခန့် မျှ သီတင်းသုံးနေသော ကျောင်းမှာ ဘန်ကောက်မြို့  ဘန်းခေအရပ်ရှိ ၀ပ်တလုမ့် ကျောင်းဖြစ်သည်။ အဆိုပါ ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်၏ ဘွဲ့ တော်မှာ ဖရမဟာဘုန်းထိန် ဇုတိနြေ္ဒာ ဖြစ်သည်။
ဆရာတော်သည် ငယ်စဉ်က အိန္ဒိယတွင် သွားရောက်ကာ M.A ဘွဲ့ ကို ရယူခဲ့သည်။ ထို့ ကြောင့် နိုင်ငံခြားသား စာသင်သားများ၏ အခက်အခဲကို ကိုယ်တိုင် တွေ့ ကြုံခံစားဖူးသဖြင့် စာနာကာ မြန်မာအပါအ၀င် သီရိလင်္ကာ။ ဘင်္ဂလာဒေ့ရှ်။ နီပေါ။ အိန္ဒိယ။ လာအိုနှင့် ကမ္ဘောဒီယား နိုင်ငံသား စာသင်သားများကို လက်ခံထားသည်။
´ ဒီဆရာတော် လက်မခံခင်က ဆိုရင် လွန်ခဲ့တဲ့ နစ်နစ်လောက်ကပေါ့ အဲဒီင်္တုန်းက ဆိုရင် ဒီကျောင်းကို မသိသေးတဲ့ ကိုယ်တော်တွေလာရင် ဝပ်မဟာထကိုပဲ ရောက်ကြတာလေ အဲဒီမှာ နေစရာမရှိ ဘာမရှိနဲ့ ၊ သစ်ပင်အောင်မှာ နေဝင်သွားကြတယ်၊ နောက်မှာ အနီးအနားက ထိုင်းဒကာတွေက ဟိုတယ်လိုက်ပို့ မှ ဟိုတယ်မှာ အိပ်ခဲ့ရတဲ့ ကိုယ်တော်တွေလည်း တော်တော် များကြတယ်လို့ သိရတယ်၊ ဦင်္းဇင်းတို့ လာတုန်းကတော့ ဒီကျောင်းကို တန်းပြီးလာတာပါ ဒီမှာက လူခံရှိနေတာဆိုတော့ အဲဒိဒုက္ခကို မခံစားလိုက်ရပါဘူး၊´ ဟု ဦးကုဏ္ဍလက ရှေးဦးစွာ ရောက်ရှိလာကြသော စာသင်သားများ၏ အခက်အခဲကို ရှင်းပြသည်။
ယခုအခါ Mahchulalongkorn Rajavidyalaya University, Ayutthaya, တွင် (M.A ) Buddhist Studies, IMAP တက်ရောက်သင်ကြားနေသူ အရှင်ပညာစာရ ဗောဓိက ကိုယ်တိုင် ခက်ခက်ခဲခဲ နေထိုင့်ခဲ့ရပုံကို ယခုကဲ့သို့  ပြန်ပြောပြသည်။
´ဦးပဇင်းရောက်စတုန်းကတော့ သိပ်အဆင်မပြေဘူးလေ။ အိပ်စရာ နေရာမရှိဆိုတော့ ကျောင်းအောက်ထပ် တမန်တလင်းပေါမှာပဲ အိပ်ခဲ့ရတယ်ပေါ့ ကြောင်တို့  ခွေးတိုနဲ့အတူတူလေ။ ကိုယ်အိပ်နေတုန်း ခွေးတွေက ကျော်သွားတာမျိုးလည်း ရှိခဲ့ပါတယ်၊ အခုလိုကျောင်းဖွင့်လိုက်တော့ သံဃာအားလုံးအဆင်ပြေတာပေါ့´ဟု ပြောသည်။
ဘန်ကောက်မြို့ Mahidol University, Faculty of Social Science, တွင် Religious Stududies နှင့် ပါရဂူတန်း တက်ခွင့်ရရန်ကြိုးစားနေသော အရှင်ခေမာဝံသကလည်း ´အဲဒီတုန်းက မဟာကျူလာက ကျောင်းသားတွေကို အဆောင် မပေးနိုင်ဘူး။ ဒါကြောင့် နေရေးထိုင်ရေးက အရမ်းခက်ခဲပါတယ်။ ဒီလိုအခက်အခဲရှိတဲ့ ဦးပဉ္ဖင်းတွေကို ၀ပ်တလုမ့် ဆရာတော်က လက်ခံတယ်။ ဒါပေမဲ့ ဆရာတော်ကျောင်းမှာလည်း နေစရာက ကျယ်ကျယ်ဝန်းဝန်းမရှိတော့ ဖြစ်သလိုနေခဲ့ကြရတယ်။ တချို့ ဆို ရပ်ကွက်ထဲမှာ နေပြီး တက်နေရပြီဆိုတော့ ရပ်ကွက်ထဲမှာ တိုက်ခန်းငှါးနေကြတဲ့သူတွေလည်း ရှိခဲ့တယ်´ ဟု ပြောပြသည်။
ထိုင်းဘုန်းကြီးကျောင်းများတွင် မီးသဂြိုဟ်စက်များ အလောင်းထည့်သော ခေါင်းများကို ထားရှိသည်မှာ ထိုင်းဓလေ့ ဖြစ်သော်လည်း မြန်မာများအတွက်မူ သင်္ချိုင်းမြေနှင့် သင်္ချိုင်းနှင့် ဆိုင်သောပစ္စည်းများမှာ ထိတ်လန့် ဖွယ် ကြက်သီးထဖွယ်ကောင်းသော ကြောက်စရာ ပစ္စည်းများ ဖြစ်ကြသည်။ ပြည်တွင်းမှ မိတ်ဆွေများက ထိုင်းတက္ကသိုလ်များတွင် ပညာသင်နေ၍ အဆင့်မြင့်မြင့် နေထိုင်ကာ ပညာသင်နေသည်ဟု ထင်ကြသော်လည်း စာသင်သား ရဟန်းတော်များသည် မီးသင်္ဂြိုဟ်စက် အောက်ထပ်နှင့် ခေါင်းတလားများကြားတွင် အိပ်စက်ခြင်း စာကျက်ခြင်း ဆွမ်းစားခြင်းများကို စသည်ဖြင့် နေထိုင် သီတင်းသုံးနေကြသည်ကိုတွေ့ ရသည်။
ယခု ဆောက်လုပ်သော ကျောင်းဆောင်ကို ဝိဇ္ဇာလယ မြန်မာကျောင်းဆောင် ဟု အမည်ပေးထားကြောင်း သိရသည်။ ပေ ၄၀x ပေ ၆၀ တထပ် ကျောင်းဆောင်ဖြစ်သည်။ သံဃာ ၁၂ ပါးခန့် သာ သီတင်းသုံးနိုင်ဖွယ် ရှိသော်လည်း နေစရာနေရာ အတိအကျ မရသေးသော သံဃာ ၄၀ ကို မဲနှိုက်ကာ နေရာချထားမည်ဟု သိရသည်။
ယခုကျောင်းဆောက်လုပ်မှုနှင့် ပတ်သက်၍ ဦးပညာစာရ ဗောဓိက´သံဃာတော်တွေလည်း ချမ်းသာစွာမိမိတို့  ပညာရေးကို တစိုက်မတ်မတ် သင်းကြားနိုင်တာပေါ့ ကျောင်းဆရာတော်ကတော့ နေဖိုအခွင့်ကိုသာ ပေးထားတာပါ။ ဒါပေမယ့် သူကနေစရာကို မပေးနိုင်လေ။ သို့သော် ဆရာတော်ကတော့ ထိုင်းဆရာတော်တွေထဲမှာ မြန်မာ စာသင်သားတွေအတွက် အလွန်ကျေးဇူးကြီးမာတဲ့ ဆရာတော်ပါ။ အခုလို ဆရာတော် ကျောင်းဝန်းထဲမှာ ကျောင်းလှူဒါန်းတာက မြန်မာစာသင်သား သံဃားတွေအတွက် များစွား အဆင်ပြေသလို ဆရာတော်ကိုလည်း ကျေးဇူဆပ်ရာရောက်ပါတယ်´ဟု မိန့် သည်။
ထို့ အတူ ဦးခေမာဝံသကလည်း ´ဦးဇင်းအနေနဲ့  ၀မ်းသာပါတယ်။ ဦးဆောင်လုပ်ပေးတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ကျေးဇူးတင်တယ်။ ဒကာဒကာမတွေကိုလည်း ကျေးဇူးတင်တယ်။ ဒါက တကယ်လိုအပ်တဲ့နေရာမှာ တကယ်လှူဒါန်းလိုက်တာဘဲလေ။ ဒီလိုလုပ်တဲ့အတွက် မြန်မာနိုင်ငံသားများ ဆောက်လုပ်တဲ့ ကျောင်းလေး တစ်ဆောင်တော့ ကျန်ခဲ့တာပေါ့။ နောင်လာမဲ့ မြန်မာ စာသင်သား ရဟန်းသံဃာတွေအတွက် အရိပ်အာဝါသ တခု ရတာပေါ့´ ဟု ပြောသည်။
ထိုင်းနိုင်ငံတွင်းရှိ ဘန်ကောက်။ ချင်းမိုင်။ ဟတ်ယိုင်။ အယုဒ္ဓယ အစရှိသောမြို့ များရှိ တက္ကသိုလ်အသီးသီးတွင် ပညာသင်ကြားနေကြသော မြန်မာ နိုင်ငံသား စာသင်သား ရဟန်းသံဃာ ၁၄၀ ခန့် ရှိသည်ဟု သိရသည်။
ဝပ်တလုမ့်ကျောင်းတစ်ခုတည်းတွင်ပင် မြန်မာနိုင်ငံသားများဖြစ်ကြသော ဗမာ။ ရခိုင်။ ရှမ်း။ မွန်။ ကရင်။ ကချင်။ ပအို့ ဝ်။ ပလောင်။ ဓနု။ ထားဝယ် စသည်ဖြင့် တိုင်းရင်းသား ရဟန်းတော်မျိုးစုံ သီတင်းသုံးလျှက်ရှိကြောင်း သိရသည်။
မဟာချူလာ ပုံရိမ်များကို ပညာဇာနည် တွင် ကြည့်ရှု့နိုင်ပါသည်။
ဘစောတင်(ဧရာဝတီ)၏ မူရင်း သတင်းအား ပြန်လည်တင်ပြအပ်ပါသည်။
0 Comments:
Post a Comment