မင်္ဂလာ

ဦးဇင်းဘုရား...တပည့်တော်မသည် အရှင်ဘုရားအားရိုသေလေးမြတ်စွာ ရှိခိုးကန့်တော့ပါဧ။် ယနေ့ကျရောက်သော ဝါဆိုလပြည့် ဥပုပ်နေ့အခါ၌ တပည့်တော်မအတွက် တရားတစ်ပုဒ်လောက် ချီးမြှင့်ပေးပါရန် တောင်းခံပါသည် အရှင်ဘုရား။

ကဲ့ အခုလို ပရိသတ်က တောင်းဆိုလာပြီဆိုတော့လဲ ရေးရသေးတာပေါ့၊

အလွန်အင်မတန်မှ ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော အခုလို လပြည့်နေ့မှာ ဟု အစချီပြီး ဆက်လက် ရေးသား ဟောကြားလိုက်သည်။

(မင်္ဂလာတရား)

ဗုဒ္ဓဘာသာ မြန်မာအများစု နုတ်ဖျားမှာ ရေပန်းစားနေတဲ့ ဒီ မင်္ဂလာတရားဟာ၊ အပြောလွယ်ကူသလောက်၊ လူတော်တော်များများကလည်း လိုချင်တောင်းတ တတ်ကြပါတယ်။

ဒီတော့ အဲဒီ မင်္ဂလာတရား ရှိလာအောင် ဘယ်လိုလုပ်ကြမလဲ၊ မိမိတို့ လူ့ဘဝ လူ့လောကမှာ နေထိုင်ရုန်းကန်နေကြရတဲ့ လူတွေဟာ၊ တစ်နေ့တစ်နေ့ စားဝတ်နေရေး လူ့မူရေးတွေနှင့်ပဲ လုံးထွေး ပွေလိမ်နေကြရတော့၊ မင်္ဂလာရှိအောင် ဘယ်လိုနေထိုင်ကြမလဲ မင်္ဂလာတရားတွေ ပိုင်ဆိုင်ခွင့် မရှိကြတော့ဘူးလား ဆိုတာကို စဉ်းစားစရာ တစ်ခုဖြစ်လာပါပြီး။

အမှန်တော့ မိမိတို့ နေ့စဉ် လှုပ်ရှား ရုန်းကန်နေရင်းနှင့်ပဲ အလွန်တရာ တောင်းတနေတဲ့ အဲဒီ မင်္ဂလာတရားတွေကို ရယူပိုင်ဆိုင်နိုင်ကြပါတယ်။

ပထမဦးဆုံး မိဘအရွယ်ရောက်နေတဲ့ လူတစ်ယောက်အနေနဲ့ မိမိတို့ရဲ့ သားသား မီးမီးလေးတွေ စားဝတ်နေရေး ကျန်းမာရေးအတွက် ရှာဖွေနေရခြင်းသည်ပင်လျှင် ပုတ္တ ဒါရဿ သင်္ဂဟ ဆိုတဲ့ မင်္ဂလာတရား တစ်ပါးပါပဲ။

ထိုနည်းတူစွာ သားသမီးအရွယ်ဖြစ်တဲ့ လူငယ်တွေ အနေနှင့်လည်းပဲ မိဘတွေ အတွက် ရုန်းကန် လှုပ်ရှား ရှာဖွေပေးနေရခြင်းသည် မာတာ ပိတု ဥပ္ပဋ္ဌာန မင်္ဂလာပါ။

မိဘလည်း မရှိ သားသမီးလည်း မရှိကြသေးတဲ့ လူလွတ်တွေအတွက် ညီအစ်ကို မောင်နှမ ဆွေးမျိုးသားချင်းတွေ အတွက် ရုန်းကန်လှုပ်ရှား ရှာဖွေပေးနေခြင်းသည်၊ ဥာတကာနဉ္စ သင်္ဂဟ မင်္ဂလာပါ။

အထက်က ဖော်ပြခဲ့သည်မှာ မိမိတို့ နေ့ဓဒူဝ သွားလာလှုပ်ရှားနေရင်း လက်ဝယ် ပိုင်ပိုင် ရရှိနေသော မင်္ဂလာ မျှသာ ဖြစ်ပါသေးသည်။

လူတိုင်း လူတိုင်းသည် မိမိတို့ ဘဝ ရပ်တည်နေနိုင်ရေးကို ကျိုးစားရင်းနှင့်ပင်၊ ကုသိုလ်တရား မင်္ဂလာတရားများကိုလည်း ပွားများလျှက်ဖြစ်နေကြောင်းကို သိထားစေချင်ပါတယ်

0 Comments:

ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်ကြပါစေ။

"အို ကာလမတို့-

(၁)တဆင့်စကား အဆင့်ဆင့်ကြားရသည်တို့အပေါ်မှာလည်း အပြီးသတ် ဆုံးဖြတ်ချက်မချကြကုန်နှင့်။

(၂) သင်တို့အထက်က ဘိုးဘေးဘီဘင် အစဉ်အဆက်လာ ဓလေ့ထုံးတမ်းများကိုလည်း
အဆုံးသတ် အားကိုးပြီး အဟုတ်မှတ်၍ မကျင့်သုံးကြကုန်နှင့်။

(၃)အခြေအမြစ်မပါသည့် သူပြောငါပြော ကောလာဟလ စကားတို့ကိုလည်း လက်ခံမမှားကြကုန်နှင့်။

(၄)ဘာသာရေးကျမ်းစာတို့၏ အရှိန်ဩဇာအောက်မှာလည်း နစ်မြုပ်၍မနေကြကုန်နှင့်။

(၅) အကျင့်နှင့် အသိမပါ တက္ကီဝါဒီတို့၏ အတွေးအခေါ်များကိုလည်း ဟုတ်ပြီ မှန်ပြီဟု အတည်မယူကြကုန်နှင့်။

(၆)အခြားအခြားသောလူတို့ အခြားအခြားသော အယူဝါဒတို့ထံမှ ပုံတူကူး၍ ကျင့်သုံးခြင်းသည်လည်း မိမိတို့ ဘဝနှင့် အပ်စပ်လိမ့်မည်ဟု အတည်တကျ မယူကြကုန်နှင့်။

(၇) မိမိတို့အတွေးအခေါ် အယူအဆကို မိမိတို့၏ အတွေးဖြင့်သာလျှင် အကြောင်းယုတ္တိပေး၍ တင်ပြနိုင်ရုံမျှဖြင့် ကိုယ့်အတွေး ကိုယ့်ယုတ္တိ ဟုတ်ပြီဟု မယူကြကုန်နှင့်။

(၈)ဆရာတစ်ယောက်ယောက် လာရောက်ဟောပြောချက်သည် မိမိတွေးထင်ထားသည်နှင့် ကိုက်ညီသွားပြီဆို ရုံမျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု မယူဆကြကုန်နှင့်။

(၉) လေးစားထိုက်သော လောကကဂရုပြုနေသည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ဝါဒသည် ဖြစ်နိုင်ဖွယ်ရှိသည်ဟူ၍လည်း တစ်ထစ်ချ မယူကြကုန်နှင့်။

(၁၀) မိမိတို့ ဆည်းကပ်ကိုးကွယ်သော ဆရာတို့၏ စကားတိုင်းသည်လည်း ဟုတ်ပြီမှန်ပြီ အကျိုးရှိပြီဟု အပြီးသတ် မမှတ်ယူကြကုန်နှင့်။
ဟူ၍ ဘုရားရှင် မိန့်မှာတော်မူခဲ့သည်ကို သတိမူကြလျှက်=

ဤဘလော့၌ ရွာဦးကျောင်းဆရာတော် ဤကဲ့သို့ ဖြေကြားထားသည်ဟူ၍လည်း ဟုတ်လှပြီဟု အပြီးသတ် မမှတ်ယူကြစေချင်ပါ။


  © Blogger templates Palm by Ourblogtemplates.com 2008

Back to TOP