အလိုတော်ပြည့် သမိုင်း


အလိုတော်ပြည့်ဘုရားနှင့်ပတ်သက်၍ ရှင်းလင်းချက် (၁၃၇၁-ခုနှစ် နတ်တော်လဆန်း ၁၄-ရက် အကြိုအဓိဋ္ဌာန်ပွဲတွင် အလိုတော်ပြည့်ဘုရား ဂေါပကအဖွဲ့ ကျေးဇူးတင်ဝမ်းမြောက်ကြောင်းစာ။ ဦးပညာသာရ (မိတ္ထိလာ-အလိုတော်ပြည့်)မှ ဖတ်ကြားချက်အား မူရင်းအတိုင်း တင်ပြအပ်ပါသည်။

သဒ္ဓါကြည်လင် ပါရမီရှင် သူတော်ကောင်းအပေါင်းတို့ခင်ဗျာ… (၁၈) ကြိမ်မြောက် အလိုတော်ပြည့်ဗုဒ္ဓပူဇနိယဘုရားပွဲတော်သို့ ရောက်ရှိလာကြကုန်သော ပါရမီရှင် သဒ္ဓါရှင်အပေါင်းတို့အား ကျွန်တော်တို့ ဂေါပကအဖွဲ့မှ ၀မ်းမြောက်ဝမ်းသာ ခရီးဦးကြိုဆို၍ ဂါရ၀ပြုပါကြောင်း ဤအလိုတော်ပြည့်စေတီတော်မြတ်တည်ရှိသည့် နေရာသည် ကျန်စစ်သား မင်းတရားကြီး၏ အောင်မြေအစစ်ဖြစ်ပြီး အဓိဋ္ဌာန် (၃) ချက်ပြည့် မြေနေရာနှင့် ကျန်စစ်သား မင်းတရားကြီးကိုယ်တိုင် တည်ထားကိုးကွယ်ခဲ့သည့် အလိုတော်ပြည့်ဘုရားစေတီဖြစ်ကြောင်း သမိုင်းအထောက်အထားဖြင့် တွေ့ရှိရပါသည်။ အေဒီ ၁၁-ရာစု၌ တည်ထားကိုးကွယ်ခဲ့သော ကျန်စစ်သားမင်းကြီး ကောင်းမှုဖြစ်သည့် အလိုတော်ပြည့်စေတီဘုရားကို ပြန်လည်ပြုပြင်သည့် အင်းဝခေတ်မှ သင်ကြီး ငတုတ်သင် ပြုပြင်ခဲ့ပြီး မိုးဒဏ် လေဒဏ် ဥတုဒဏ်ကြောင့် နောက်ပိုင်း တိမ်မြုပ်ပျောက်ကွယ်၍ နေခဲ့သော ယခုဖူးတွေ့နေရသော ဤစေတီတော်မြတ်သည် ရှေးမူလက်ရာမပျက်ဘဲ ဖူးတွေ့နေရခြင်းမှာ အလိုတော်ပြည့်ဆရာတော်ဘုရား၏ ပြန်လည်ပြုပြင်စီမံပြီး ဖော်ထုတ်ပေးခြင်းကြောင့် ပြည်သူအများ တစ်နှစ်တစ်ကြိမ် လာရောက် ဖူးမျှော်ခွင့်ရရှိပြီး ကုသိုလ်မင်္ဂလာတိုးပွားခြင်းတို့ တွေ့ရှိရပါသည်။

အလိုတော်ပြည့်စေတီတော်မြတ်၏ မွန်ဘာသာဖြင့် အလိုတော်ပြည့်အဓိပ္ပာယ်ရသော ဤဘုရားစေတီတော်မြတ်ကို သစ်သီး၊ ဆွမ်း၊ ပန်း၊ ဆီမီး၊ ရေချမ်းတို့ဖြင့် ဆရာတော်၏ စီမံညွှန်ကြားချက်အတိုင်း စနစ်တကျ ဆုတောင်းပတ္ထနာပြုခဲ့ကြသူများ ဂေါပကမှတ်တမ်းအရ ရာချီပြီး အလိုပြည့်ကြပါသဖြင့် ဘုရားကို ကျေးဇူးဆပ်သောအနေအားဖြင့် ပြန်လည်လှူဒါန်းခြင်း နောက်ထပ်လာပြီး ဆုတောင်းခြင်းစသည်များကို ဆုတောင်းပြည့်သည့် ကာယကံရှင်များ ပြန်လည်ပြောကြားသဖြင့် မှတ်တမ်းတင်ရှိပါသည်။

မိမိစိတ်သဘောအတိုင်း ဆုတောင်းပြီး အလိုဆန္ဒပြည့်ဝသူများလည်း မြောက်မြားစွာ တွေ့ရှိနေရပါသည်။ ပြည်တွင်းပြည်ပ နိုင်ငံခြားပါမကျန် နတ်တော်လပြည့်နေ့ ရောက်ရှိတိုင်း မိမိတို့၏ အိမ်၌ ကိုးကွယ်ထားသော အလိုတော်ပြည့် ဗုဒ္ဓရုပ်ပွားတော်ထံမှ ဆွမ်း၊ ဆီမီး၊ ရေချမ်း၊ ပန်း၊ သစ်သီးတို့ဖြင့် လှူဒါန်းဆုတောင်း၍ အလိုပြည့်ကြသူများ များပြားလှသည်ကို ပြန်ပြော၍ မှတ်တမ်းတင်ထားခြင်းကို တွေ့ရှိရပါသည်။ ဒါကြောင့် ယုံကြည်သဒ္ဓါ ပွားများစွာဖြင့် တကယ်တမ်း ယုံကြည်မှုအားကိုးပြီး တိကျမှန်ကန်သော ဆုတောင်းခြင်းစနစ်ဖြင့် လှူဖွယ်ဝတ္ထု ပြည့်ပြည့်စုံစုံ လှူဒါန်းပြီး ဆုတောင်းပါက တကယ်ပြည့်စုံသည့် အကြောင်းကို အများပြည်သူ ဆုတောင်းပြည့်သောပုဂ္ဂိုလ်များက သက်သေပြနေပါသည်။

ရောက်ရှိလာကြကုန်သော သဒ္ဓါကြည်လင် ပါရမီရှင် အပေါင်းတို့ အချို့အချို့သော ပုဂ္ဂိုလ်များ မယုံတစ်ဝက် ယုံတစ်ဝက်ဖြင့် ဆုတောင်းပြီး ပြည့်စုံသွားသော ပုဂ္ဂိုလ်များလည်း မနည်းလှပါဘူး။ တစ်ချို့ကလည်း လုံးဝမယုံကြည်ဘဲ အမနာပ ကဲ့ရဲ့ရှုတ်ချ သရော်သလို ပြောင်သလို ပြောဆိုနေကြတာကို တစ်စွန်းတစ်စ ကြားရပါတယ်။ ဒါဟာ မနာလိုတဲ့စိတ် မကြိုက်တဲ့စိတ်ထားဖြင့် အပြစ်ပြောတာ ရောက်ပါတယ်။ ဘုရားရှင်ကိုလည်း ကဲ့ရဲ့အပြစ်ပြောတာ ရောက်ပါတယ်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ ရှေးပဝေသဏီကစပြီး ဆုတောင်းဆုယူဆိုတာ ရှိခဲ့ပါတယ်။ သြကာသကန်တော့ခန်း၌ နောက်ဆုံး နိဗ္ဗာန်ရရပါလို၏လို့ ဆုတောင်းခြင်းသည် မမြင်ရ မသိရ မရောက်ရသေးတဲ့ နိဗ္ဗာန်ကို အနုမာနနည်းအားဖြင့် မှန်းဆ၍ ရောက်လိုသော ဆန္ဒ စိတ်ဓာတ်မျိုးဖြင့် ဆုတောင်းကြတယ်၊ ပြောကြပါတယ်၊ ဆုတောင်းသည့်အတိုင်း တကယ်အားထုတ်ရင် တကယ် မဂ်ဖိုလ်နိဗ္ဗာန် ပြည့်စုံပြီး ရောက်သွားတယ်ဆိုတာ သံသရာဖြစ်စရာမလိုဘူးဆိုတာ တွေ့နေကြရပါတယ်။

ဒါကြောင့် တကယ်သဒ္ဓါတရားရှိပြီး ဘုရားအပေါ်၌ မမှိတ်မသုန် ယုံကြည်သောအား ရှိခဲ့ပါလျှင် “သဒိသံ ပါကံ ဇနေတိ”ဆိုတဲ့အတိုင်း တူသောအကျိုးကို ပေးနိုင်ပါတယ်။ သို့သော်လည်းပဲ ဘုရားက တစ်လုံးတစ်ခဲတည်းပဲ ပေးနိုင်တာမဟုတ်ဘဲ မိမိဝတ္ထုလှူဖွယ် သဒ္ဓါတရားကသာလျှင် တူသောအကျိုးကို ပေးစွမ်းနိုင်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လို ဆုတောင်းပွဲကို အားခဲပြီး ရောက်လာကြကုန်သော သူတော်ကောင်းအပေါင်းတို့အား မမှိတ်မသုန် ယုံကြည်ခိုင်မြဲသော သဒ္ဓါတရားထားပြီး မိမိလှူဒါန်းသော လှူဖွယ်ဝတ္ထုများ သဒ္ဓါစိတ်ဓာတ်ပွားများပြီး ဂုဏ်တော်ကိုးပါးနှင့် ပွားများဆောက်တည်ခဲ့တဲ့ အဓိဋ္ဌာန်ဖြင့် ပြုလုပ်ခဲ့ပါလျှင် မိမိနှင့်ထိုက်တန်တဲ့အကျိုးတရားတစ်ခုခုကို ခံစားရမယ်လို့ ယုံကြည်ချက်ကို လက်ခံထားပြီး အားထုတ်ကြပါလို့ တိုက်တွန်းယင်း နိဂုံးချုပ်အပ်ပါတယ် ခင်ဗျား။

အလိုတော်ပြည့် http://alodawpyei.org/18cele.php သို့ဝင်ရောက်ကြည့်ရှူ့နိုင်ပါသည်။

0 Comments:

ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်ကြပါစေ။

"အို ကာလမတို့-

(၁)တဆင့်စကား အဆင့်ဆင့်ကြားရသည်တို့အပေါ်မှာလည်း အပြီးသတ် ဆုံးဖြတ်ချက်မချကြကုန်နှင့်။

(၂) သင်တို့အထက်က ဘိုးဘေးဘီဘင် အစဉ်အဆက်လာ ဓလေ့ထုံးတမ်းများကိုလည်း
အဆုံးသတ် အားကိုးပြီး အဟုတ်မှတ်၍ မကျင့်သုံးကြကုန်နှင့်။

(၃)အခြေအမြစ်မပါသည့် သူပြောငါပြော ကောလာဟလ စကားတို့ကိုလည်း လက်ခံမမှားကြကုန်နှင့်။

(၄)ဘာသာရေးကျမ်းစာတို့၏ အရှိန်ဩဇာအောက်မှာလည်း နစ်မြုပ်၍မနေကြကုန်နှင့်။

(၅) အကျင့်နှင့် အသိမပါ တက္ကီဝါဒီတို့၏ အတွေးအခေါ်များကိုလည်း ဟုတ်ပြီ မှန်ပြီဟု အတည်မယူကြကုန်နှင့်။

(၆)အခြားအခြားသောလူတို့ အခြားအခြားသော အယူဝါဒတို့ထံမှ ပုံတူကူး၍ ကျင့်သုံးခြင်းသည်လည်း မိမိတို့ ဘဝနှင့် အပ်စပ်လိမ့်မည်ဟု အတည်တကျ မယူကြကုန်နှင့်။

(၇) မိမိတို့အတွေးအခေါ် အယူအဆကို မိမိတို့၏ အတွေးဖြင့်သာလျှင် အကြောင်းယုတ္တိပေး၍ တင်ပြနိုင်ရုံမျှဖြင့် ကိုယ့်အတွေး ကိုယ့်ယုတ္တိ ဟုတ်ပြီဟု မယူကြကုန်နှင့်။

(၈)ဆရာတစ်ယောက်ယောက် လာရောက်ဟောပြောချက်သည် မိမိတွေးထင်ထားသည်နှင့် ကိုက်ညီသွားပြီဆို ရုံမျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု မယူဆကြကုန်နှင့်။

(၉) လေးစားထိုက်သော လောကကဂရုပြုနေသည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ဝါဒသည် ဖြစ်နိုင်ဖွယ်ရှိသည်ဟူ၍လည်း တစ်ထစ်ချ မယူကြကုန်နှင့်။

(၁၀) မိမိတို့ ဆည်းကပ်ကိုးကွယ်သော ဆရာတို့၏ စကားတိုင်းသည်လည်း ဟုတ်ပြီမှန်ပြီ အကျိုးရှိပြီဟု အပြီးသတ် မမှတ်ယူကြကုန်နှင့်။
ဟူ၍ ဘုရားရှင် မိန့်မှာတော်မူခဲ့သည်ကို သတိမူကြလျှက်=

ဤဘလော့၌ ရွာဦးကျောင်းဆရာတော် ဤကဲ့သို့ ဖြေကြားထားသည်ဟူ၍လည်း ဟုတ်လှပြီဟု အပြီးသတ် မမှတ်ယူကြစေချင်ပါ။


  © Blogger templates Palm by Ourblogtemplates.com 2008

Back to TOP