တစ်နေ့သ၌ အကျွန်ုပ် ကပ္ပိယကျော်ခေါင်သည်၊ ဦးဇင်းငယ်တစ်ပါးနှင့် လိုက်ပါလျှက် တာမွေမြို့နယ်အတွင်း လှည့်လည်ကာ၊ ဆွမ်းအလို့ငှာ ဖိတ်မန်တကာ့ ပြုနေလေတော့၏၊ ရန်ကုန် စာသင်သားတို့ထုံစံအတိုင်း အိမ်စဉ်လှည့်လည်ကာ ဆွမ်းဖိတ်နေခြင်း ဖြစ်လေသည်။ တစ်လမ်းဝင် တစ်လမ်းထွက်ဖြင့် ဆွမ်းဖိတ်လာခဲ့သည်မှာ ရပ်ကွက်ပေါင်းမနည်းတော့ပေ၊ သို့သော် အကျွန်ုပ်၏ အားနည်းချက်ကြောင့် ပေလော့၊ သို့တည်းမဟုတ် ဦးဇင်းငယ်၏ ပါရမီဘုန်းကံနည်းပါးခြင်းကြောင့်ပေလော့ မဆိုနိုင်ပေ၊ ညနေ ၆ နာရီ ထိုခါနီး အချိန်ထိ ဆွမ်းခံအိမ်ဟူ၍ မည်မည်ရရ မရသေးချေ။. ရန်ကုန်တွင် ဆွမ်းခံအိမ် လိုက်၍ဖိတ်ရခြင်းမှာ စာသင်သား ရဟန်းပျိုများအတွက် အလွန်တရာ ခက်ခဲသော အလုပ်တစ်ခု ဖြစ်လေသည်။ မိမိသဘောကျသော စာသင်တိုက်ဖြစ်၍ နေချင်သော်လည်း ဆွမ်းခံအိမ် အလုံအလောက်မရှိခဲ့သော် အခက်ကြုံတတ်ကြရလေသည်။ ဆွမ်းဖိတ်ရာ၌ တွေ့ရတတ်သော အခက်အခဲများမှာ ဤသို့တည်း။ အချို့သော ဒကာ ဒကာများမှာ မိမိတို့အိမ်တွင် ဆွမ်းခံကြွနေသော ကိုယ်တော်လေးများ မြောက်များစွာ ရှိနေကြ၍ လက်မခံလိုကြတော့ကြောင်း ပြောဆိုတတ်ကြခြင်း၊ အချို့သော ဒကာ ဒကာမများမူကာ၊ မိမိတို့ကို မိမိ ဧည့်သည်ဟုဆိုကာ အိမ်ရှင်များ မရှိ၍ လက်မခံလိုကြောင်း ငြင်းတတ်ကြလေသည်။ သို့သော် ထိုပုဂ္ဂိုလ်များသည်ကား အမှန်စင်စစ် ဧည့်သည်များ ဟုတ် မဟုတ်ကို ကြည့်ရုံနှင့် သိနိုင်လေသည်၊ လက်မခံလို၍ အကြောင်းပြခြင်းသာဖြစ်လေသည်။ ထို့သို့ အစရှိသော အကြောင်းပြချက်ပေါင်းစုံများဖြင့် တစ်နေကုန် ဆွမ်းခံအိမ် ဖိတ်၍ မရသည့်အဆုံးတွင်ကား၊ နောက်ဆုံးအနေဖြင့် ဤတိုက်တစ်လုံးကို တက်၍ ဖိတ်တော့မည်ဟု ဆုံးဖြတ်ချက်ချကာ၊ ရှစ်ထပ်တိုက်ကြီး တစ်လုံးကို ဗဟိုပြုလျှက် နစ်ဦးသားလျှောက်လှမ်းလာခဲ့လေတော့သည်။ တိုက်ပေါ်သို့ မတက်မီ လှေကားဝတွင် မင်္ဂလာမရှိစွာဖြင့်ပင် အမျိုးသမီးကြီးတစ်ဦးနှင့် အမျိုးသာတစ်ဦတို့ အားပေါင်အာရင်းသန်သန်ဖြင့် ငြင်းခုံနေကြသည် အကျွန်ုပ်ကပ္ပိယကျော်ခေါင် အကဲခမ်မိခဲ့လေသည်။ ၄င်းအသံသည်ကာ မြေညီထပ်မှသည် ငါးထပ်မြောက်ထိအောင် ဆူညံနေလေတော့၏၊ ဤသို့နှင့်ပင် အကျွန်ုပ်တို့နစ်ဦးသား ဆွမ်းခံအိမ်အလို့ငှာ မရလည်း ရလည်းအမြတ်ဟု ဆိုကာ တိုက်ခန်းများကို တစ်ခန်းပြီး တစ်ခန်း စတင်ဖိတ်လေတော့၏၊ သို့သော် အပေါ်ဆုံးထပ်သို့ ရောက်သည့်တိုင်အောင် မည့်သည့်အိမ်ကမျှ လက်ခံခဲ့ခြင်း မရှိသေးချေတကား။ ထိုအခါ၌ ကျွန်ုပ်ကပ္ပိယကျော်ခေါင်သည်၊ စိတ်မရှည်တော့သည်ဖြစ်၍ ၄င်းကိုယ်တော်ငယ်အား တော်တော်ဘုန်းကံပါရမီနည်းတဲ့ ကိုယ်တော်ဟု ပြောဆိုကာဖြင့်၊ ဒီတစ်ကြိမ် ငါကိုယ်တိုင်ဖိတ်မည်၊ ကိုယ်တော် အသာနေဟု ဆိုကာ၊ ရှစ်ထပ်မြောက်သို့ တက်ခဲ့လေတော့၏၊ ရှစ်ထပ်မြောက်သို့အတက်တွင်းကား လင်းမယားစကားများသံလိုလို အသံတစ်ခုကိုကြားမိ၍၊ ငကျော်ခေါင် အသေအချာ နားထောင်စမ်း ဒီအသံ ဘယ်ကလာသလဲဟု မေးလေ၏၊ ကျွန်ုပ်သည်ကား အလွန်တရာပါးနပ်သူဖြစ်၍ ဤသို့ပြန်ဖြေလိုက်လေ၏၊ ဒီကိုယ်တော်နှယ် အောက်ထပ်လှေကားတက်ဝမှာ အာပေါင်အာရင်းသန်သန်နှင့် စကားများနေကြတာကို မမြင်ခဲ့ဘူးလား၊ အဲဒီက လာတဲ့ အသံပေါ့ဟု၊ ခပ်တည်တည်ဖြင့်ပင် ပြန်လည်ဖြေကြားလိုက်လေ၏၊ ရှစ်ထပ်သို့ရောက်သည်နှင့် ၄င်းအသံသည်လည်း အနည်းငယ် ပို၍ကျယ်လောင်လာသကဲ့သို့ထင်ရလေသည်။ အကျွန်ုသည်ကား လှေကားများ၏ ပဲ့တင်သံကြောင့် အောက်ထပ်က အသံဟုသာ တစ်ထစ်ကျတွက်ဆလိုက်လေသည်။ တံခါးမ တစ်ခုရှေ့ တွင် ကိုယ်တော်ငယ်နှင့် အကျွန်ုပ်တို့နစ်ဦးသား မတ်တပ်ရပ်လျှက်၊ ဆွမ်းခံဖိတ်ရန် တံခါးကို အကျွန်ုပ်ကိုယ်တိုင် ခေါက်မည်အပြုတွင်၊ ဒုန်းဟူသော အသံတစ်ခုနှင့် ၄င်း တံခါးမကြီးပွင့်ထွက်လာလေတော့၏၊ တစ်ခဏချင်းဖြင့်ပင်လျှ အလွန်လျှင်မြန်သော အဟုန်ဖြင့်၊ တံခါးဝမှ ဒန်အိုးတစ်လုံး ပလူပျံသကဲ့သို့ ထွက်ကျလာပြီးလျှင်၊ အကျွန်ုပ်၏ နားထင်နားမှ ဖြတ်ကျော်ကာ၊ ဒိုင်းဟူသော အသံနှင့်အတူ တစ်ဖက်နံရန်ကို ထိမှန်လေတော့၏၊ အရာအားလုံးကို ကျွန်ုပ်သဘောပေါက်သွားခဲ့လေပြီ၊ အကျွနု်ပ်သည် ငယ်စဉ်က ဆရာအောင်မြင့်ထံတွင် သင်ခဲ့ဖူးသော၊ မှတ်မိသမျှသော ခရာတေးအကွက်ဖြင့် ၄င်းဒန်အိုးပျံအား တိမ်းရှောင်ကာ လေကဲ့သို့လျှင်မြန်သော အဟုန်ဖြင့် စက္ကန့်ပိုင်းအတွင်း ရှစ်ထပ်တိုက်ကြီး၏ မြေညီထပ်သို့တိုင်အောင်၊ ပြေးဆင်းခဲ့ရလေတော့၏၊ အမှန်မှာ ရှစ်ထပ်သို့အတက်တွင် ကြားခဲ့ရသော အသံမှာ၊ မြေညီထပ်က လာသောအသံ မဟုတ်ပဲ၊ ဆွမ်းဖိတ်ရန်အလို့ငှာ အကျွန်ုပ်ကိုယ်တိုင် တံခါးခေါက်ရန် ကြံစည်နေသော တိုက်ခန်းတွင်းမှ လင်းမယားရန်ဖြစ်နေသော အသံသာ ဖြစ်ကြောင်းကို အကျွန်ုပ် နောက်မှ သိရှိခဲ့ရလေသည်၊ အကယ်၍သာ ထိုနေ့ ထိုအချိန်က ထိုတိုက်ခန်းအား တံခါးခေါက်၍ ဆွမ်းဖိတ်မိခဲ့ပါမူ။ .
ကပ္ပိယကျော်ခေါင် နှင့် ဒန်အိုးပျံ
Posted by ရွာဦးကျောင်း ဆရာတော် at 10:54 AM 0 comments
Labels: ဆောင်းပါး
ထွက်ပေါက်
တစ်လောကလုံးက ငါ့အား မကောင်းဆိုးဝါးကြီးသဖွယ် ကြည့်နေကြပြီ။ စက်ဆုတ်ရွံရှာဖွယ် သတ္တဝါကြီးတစ်ကောင်လို သဘောထားနေကြပြီ။ အန္တရာယ်ကောင်းကြီးသဖွယ် ကျိန်ဆဲနေကြပြီ။ ငါလာရာ လမ်းကြောင်းတစ်လျှောက် အတားအဆီးများစွာတို့ဖြင့် ငါ့အား ကန့်ကွက်နေကြလေပြီ။ ငါ့ကို အပြီးပိုင် တိုက်ထုပ်နိုင်ရန် မဟာစီမံကိန်းကြီးများ ချမှတ်နေကြလေပြီ။ ငါ့၏ကျေးဇူးတရားကိုမျှ မထောက်ထားတော့ပဲ ဆန့်ကျင်နေကြလေပြီတကား၊
ငါ အမှန်အတိုင်း ဝန်ခံရပါမူ လွန်ခဲ့သော အနှစ် ငါးဆယ်ခန့်ကတည်းက ငါ့၏ လွတ်လပ်မှူကို အပြီးပိုင်စွန့်လွတ်ခဲ့ကာ ယနေ့အထိ ငါ လုံးဝ စိတ်ပျက်အားငယ်မှူမရှိပဲ၊ အစွန်းကုန် ကြိုးစားရုန်းကန်လျှက်၊ ပြည်သူလူထုများ၏ လိုအပ်ချက် မှန်သမျှကို ဖြည့်ဆည်းပေးခဲ့ပြီးပြီ။
မရှိမဖြစ်လိုအပ်သော မီး ရရှိရေအတွက် ငါ အစွမ်းကုန် ရုန်းကန်ခဲ့ရပြီးပြီ၊ မရှိမဖြစ်လိုအပ်သော ရေ အတွက်လည်း ငါ့၏ အသွေးအသားများအား ထက်ဝက်ခွဲဝေပေးခဲ့ရပြီးပြီ၊ သဘာဝတောတောင် သယံဇာတများကို ငါအစွမ်းကုန် ကြိုးစားရုန်းကန်လျှက် ထွန်းလင်း တောက်ပ စိမ်းလန်းစိုပြေစေခဲ့ပြီးပြီ။
အနှစ် ငါးဆယ်လုံးလုံး အကျဉ်စံဘဝဖြင့် ငါ အစွမ်းကုန် ကြိုးစားရုန်းကန်ခဲ့ပြီးတဲ့ နောက်၊ ငါ အတောင်းတဆုံး အလိုချင်ဆုံးဖြစ်သော လွတ်လပ်မှူကို ရှာဖွေရန် အလွန်တရာကျဉ်းမြောင်းလှသော လှောင်အိမ်ထဲမှ ထွက်ခွါသွားရန် ဆုံးဖြတ်ချက်ချလိုက်တော့သည်။
အကျဉ်စံဘဝဖြင့် အနှစ်ငါးဆယ်လုံးလုံး နေခဲ့ရခြင်းသည်လည်း၊ ပြစ်မှူ တစ်စုံတစ်ရာ ကြူးလွန်းခဲ့၍မဟုတ်၊ သူတို့၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်အတွက် ငါ့အား ချုပ်နှောင်ထားခဲ့ကြခြင်းသာဖြစ်လေသည်။ ငါသည်ကား သဘာဝအလျှောက် အမြဲတမ်း စီးဆင်းနေရမှ ရှင်သန်ရသော အမျိုးဖြစ်လေသည်။
သို့သော် လူတို့၏ အတော်မသတ်နိုင်သော လောဘဇောကြောင့် အနှစ်ငါးဆယ်လုံးလုံး ကျဉ်းမြောင်းကျပ်တည်းလှစွာ အလုပ်လုပ်ခဲ့ရလေသည်။
အခု ငါ ထွက်ခွါသွားတော့မည် ငါ့အား မည်သူတစ်ဦးတစ်ယောက်မျှ တားဆီးမှူမပြုနှင့်တော့။
မည်သို့ပင် တောင်းမန်သော်လည်း ငါလာရာ လမ်းတစ်လျှောက် ငါ့အား အမျိုးမျိုး အဖုံဖုံသော အတားအဆီးများဖြင့် မရ ရအောင် ပိတ်ပင်ကြလေသည်၊ သို့သော် ငါ့ကို ချစ်၍တားကြသည်မဟုတ်၊ ငါ့အား မကောင်းဆိုးဝါးကြီးတစ်ကောင် သဖွယ် တားဆီးကြခြင်းသာ ဖြစ်လေသည်။ ငါသည်ကား မကောင်းဆိုးဝါးသတ္တဝါတစ်ကောင်မဟုတ်၊ သက်ရှိ သက်မဲ့ မှန်သမျကို အကျိုးပြုနေသော၊ သဘ၀အတိုင်း စီးဆင်းနေသော ရေ သာလျှင် ဖြစ်လေသည်။
ရေ ဟု ဆိုအပ်သော ထိုငါအား၊ လွန်ခဲ့သော နစ်ပေါင်းများစွာကတည်းက ပိတ်လှောင်၍ အလွန်တရာကြီးကျယ်လှသော ရေလှောင်ကန်ကြီးဖြင့်၊ စုဆောင်းထားခဲ့ရမှ ယနေ့ တားမနိုင်ဆီးမရဖြစ်ကာ၊ ပွင့်အန် ထွက်ချလာခြင်းသာဖြစ်လေသည်၊ လူသားတို့အား ဒုက္ခပေးရန် ငါ စောင့်ဆိုင်း၍ နေခဲ့သည်မဟုတ်။
မည်သူက မည်မျှပင်တားတား ငါ လုံးဝ နောက်ဆုတ်တော့မည်မဟုတ်၊ တား၍လည်း ရမည်မဟုတ်တော့၊ ငါ၏ သွားလိုရာကား ငါတို့အမျိုးအနွယ်တို့၏ ပျော်စံရာ မဟာသမုဒ္ဒရာပင် ဖြစ်လေသည်။
သို့သော်လည်း လူတို့သည် ပြုခဲ့ဖူးသော ငါ့၏ကျေးဇူးကိုမျှမထောင်ထားပဲ၊ အမျိုးမျိုးအဖုံဖုံ နှောင့်ယှက် တားဆီး နေလေတော့သတည်း။
Posted by ရွာဦးကျောင်း ဆရာတော် at 6:19 AM 0 comments
Labels: ဆောင်းပါး
ထိုင်းနိုင်ငံ ရေဘေးသင့် မြန်မာများအား A.S.M.A အဖွဲ့မှ သွားရောက်ကူညီ
Posted by ရွာဦးကျောင်း ဆရာတော် at 12:55 PM 0 comments
Labels: ဗွီဒီယို
သာဓု ဟူသည် အစွမ်းထက်သော ဂါထာမန္တရား မဟုတ်
အမေး။ ။Guest ဆရာတော်ဘုရား. ဘာသာခြားများက မေးလာတဲ့မေးခွန်းကို သေရှာဖြေနိုင်အောင် ကူညီပါဦးဘုရား။
သာဓုဆိုတာဘာလဲ။ သာဓုခေါ်လိုက်တာနဲ့ ကျွတ်လွတ်သွားရောလား တဲ့။
ကိုယ်တိုင်မလုပ်ဘဲ သာဓုခေါ်လိုက်ရုံနဲ့ ကျွတ်လွတ်သွားရောလား။ အဲလောက်စွမ်းလား ဆိုတဲ့ သဘောနဲ့ မေးကြတယ် ဘုရား။
နောက်ပြီး တပည့်တော်မ သိချင်တာက မကောင်းဆိုးဝါးတွေ မနှောက်ယှက်အောင် အိမ်တို့ ကုတင်အိပ်ယာတို့ကို စည်းချတယ်ဆိုတာ ဘယ်လို လုပ်တာလဲ ဘုရား။
အဖြေ။ ။ သာဓု- ဟူသည် ပါဠိဘာသာဖြစ်သည်၊ မြန်မာလို (ကောင်းလေစွာ့- ကောင်းသည်) ဟု အဓိပ္ပါယ်ရသည်။ ကွယ်လွန်သွားပြီးသောသူများကို အမျှအတန်းပေးဝေရာ၌၊ ၄င်းသေပြီး၍ မကျွတ်မလွတ်သေးသော သူများက သာဓု ဟု ခေါ်ဆိုလိုက်ရလျှင်၊ ကျန်ရစ်သူများ ပြုလုပ်သော ကုသိုလ်ကောင်းမှူ၏ အကျိုးကို မုချရသည်ဟု ဆိုပါသည်။
သို့သော် သာဓု ဟု သာမန်အားဖြင့် ပြောဆိုရုံနှင့် အကျိုးခံစားရသည်ဟု မမှတ်စေချင်ပါ၊ သာဓု ဆိုသော စကားလုံးသည်၊ အစွမ်းထက်သော ဂါထာမန္တရား မဟုတ်ပေ။ မိမိအတွက် ရည်စူး၍ ပြုလုပ်သော ကုသိုလ်ကောင်းမှူကို၊ မြတ်မြတ်နိုးနိုး ဝမ်းသာပီတိဖြစ်၍ သာဓု ခေါ်ဆိုနိုင်မှ အကျိုးရလေသည်၊
အဘယ်ကြောင့် ဆိုသော်- ၄င်းပီတိသည်ပင်လျှင် မဟာကုသိုလ် သောမနဿပီတိ ဖြစ်သောကြောင့်ဟု မှတ်ပါလေ။ သာဓုက အကျိုးပေးသည်မဟုတ်၊ သာဓု (ဝါ) ဝမ်းမြောက် ဝမ်းသာ ဖြစ်သော ကိုသိုလ်သောမနဿ စိတ်က အကျိုးပေးသည်ဟု မှတ်ပါလေ။ ထိုသော ဝမ်းမြောက်မှ သာလျှင် (သာဓု) ခေါ်ဆိုနိုင်လေသည်။ တစ်နည်းအားဖြင့်၊ ငါ ဝမ်းမြောက် ဝမ်းသာဖြစ်သည် (သာဓု) ဟု ပြောခြင်းသာဖြစ်လေသည်။
မကောင်းဆိုးဝါးများ မနှောင့်ယှက်နိုင်အောင် စည်းချခြင်းသည်၊ ရတနာသုံးပါး၏ ဂုဏ်ကို အာရုံပြု၍ မေတ္တာ ဘာဝနာစိတ်ဖြင့် အိပ်စက်ခြင်းကို ဆိုလိုသည်၊ သိုသော်- လောကီနက္ခတ်ပညာ အင်းပညာ မှော်ပညာတို့၏ အစွမ်းများဖြင့် စည်းချခြင်းများလည်းရှိသေးသည်။
ည အိပ်ယာဝင်ခါနီ မေတ္တာပို့ခြင်း၊ ရတနာသုံးပါး မိဘ ဆရာသားများ၏ ဂုဏ်ကို အားပြု ရှိခိုးခြင်း၊ သို့မဟုတ် မိမိရွတ်ဖတ်ပူဇော်လေ့ရှိသော သမ္ဗုဒ္ဓေ အစရှိသော ဂုဏ်တော်များကို ရွတ်ဖတ်၍ မင်္ဂလာရှိစွာ အိပ်စက်ပါလေ။ ထိုသို့ အိပ်စက်ခြင်းသည်ပင်လျှင် စည်းချခြင်းဖြစ်လေသည်။
Posted by ရွာဦးကျောင်း ဆရာတော် at 7:12 AM 0 comments
Labels: ဘာသာရေးအမေးအဖြေကဏ္ဍ
လက္ခဏာတော် ၃၂ ပါး
Guest မေး။ ။ ဘုရား လက္ခဏာ ၃၂ပါးက ဘုရားဖြစ်ပြီးမှ ပေါ်လာတာလား မွေးတည်းက ပါရှိနေတာ လားဘုရား။
Guest မေး။ ။ အရင်ဘုရား ဘုရားဟောထဲမှာ ဒိုင်နိုဆောတို့ ကမ္ဘာဦးက အကြောင်းတွေ ပါပါသလား ဘုရား။
အဖြေ။ ။ ဘုရားလက္ခဏာ ၃၂ ပါး ဟူ၍ သိထားမိသောကြောင့် ဤမေးခွန်းကို မေးသည်ဟု ယူဆရပါသည်၊ အမှန်မှာမူ Guest သိထားသော ဘုရားလက္ခဏာ ၃၂ ပါးဟူသည်၊ မဟာပုရိသ လက္ခဏာ ခေါ် ယောင်္ကျားမြတ်တို့၏ လက္ခဏာ ၃၂ ပါးသာဖြစ်ပေသည်၊ ဘုရားအလောင်တော်သည် ၄င်းလက္ခဏာ ၃၂ ပါးနှင့်ပြည့်စုံသော မဟာပုရိသ ဖြစ်လေသည်။ ထို့ကြောင့်သာလျှင် ဗေဒင်လက္ခဏာ ဆရာများဖြစ်ကြသော၊ အရှင်ကောဏ္ဍညပုဏ္ဏားက ဘုရားစင်စစ် ဧကန် ဖြစ်မည်ဟု ဟောခဲ့ခြင်း ဖြစ်လေသည်။
သို့သော် အရွယ်နှင့် လိုက်လျှောညီထွေစွာသာလျှင် ၄င်းလက္ခဏာများ ဖြစ်ပေါ်ပေလိမ့်မည်။ ၄င်းလက္ခဏာ ၃၂ ပါးအား ဖော်ပြပေးလိုက်ပါသည်။
ဗုဒ္ဓဘုရားနှင့် စကြာဝတေးမင်းကဲ့သို့ ယောင်္ကျားမြတ်တို့၏ လက္ခဏာကြီးများ။
၁။ ပြည့် ဖြိုးညီညာသောဖဝါး။
၂။ ၁၀၈ ကွက် ၊ စက် လက္ခဏာ တော် အစုံပါသော ခြေဖဝါး။
၃။ သူတပါးတို့ထက် လုံးဝန်းရှည်သော ဖနောင့်။
၎။ ရင်းတုတ် ဖျားသွယ် ရှည်လျား၊ ညီညာသော ခြေချောင်း၊လက်ချောင်း ။
၅။ ဖွားစ အခါ ကဲ့သို့ အမြဲနုနယ်သော လက် ခြေ များ။
၆။ အတို အရှည် မရှိ ညီညာသော ၊ လက်ချောင်း၊ ခြေချောင်း။
၇။ မြင့်တက်သောဖမျက်၊
၈။ ခြေသလုံး၏ ရှေ့နောက်၊ နံပါး အသားစိုင်များမှ ၊ သလေးစပါးနှင့်တူခြင်း။
၉။ ကိုယ်ခန္ဓာ အဖြောင့်ထား၍ ဒူးဆစ်ထိရှည်သောလက်။
၁၀။ အအိမ်ဖြင့် ဖုံးလွှမ်းအပ်သော အင်္ဂါဇာတ်။
၁၁။ ရွှေ အဆင်းကဲ့သို့ဝါဝင်း၍ လုံးကျစ်သော ကိုယ်။
၁၂။ နုနယ်သော အရေ၊ အသား။
၁၃။ မွှေးညှင်းတစ်တွင်း ၌ တစ်ပင်စီ သာပေါက်ခြင်း။
၁၄။ ထိုမွှေးညှင်းတို့သည် လင်္ကျာရစ်လှည့်၍ အဖျားကော့တက်ပြီး ၊ မျက်စဉ်း အညိုရောင်ရှိခြင်း။
၁၅။ ဖြောင့်စင်းသော ကိုယ်ခန္ဓာ။
၁၆။ လက်ဖမိုး၊ခြေဖမိုး ပခုံးစွန်း လည်ဂုတ်ပြည့်ဖြိုးခြင်း။
၁၇။ ခြင်္သေ့မင်း၏ ရှေ့ပိုင်းကိုယ်ကဲ့သို့ ၊ ရှေ့ နောက် ၊အောက်ထက် ပြည့်စုံ သောကိုယ်။
၁၈။ လက်ပြင်ရိုးနှစ်ခု အကြား ပြည့်ဖြိုးသော အသား ။
၁၉။ အလံနှင့် အရပ် ညီ မျှ စွာရှိခြင်း။
၂၀။ အညီ အမျှ ၊ လုံး ၍ လှပသော ပခုံး၊လည်ပင်း။
၂၁။ အရသာကို ဆောင်ယူနိုင်သော အကြောကောင်းများ။
၂၂။ ခြင်္သေ့ ၏ အောက်မေးကဲ့သို့ ပြည့်ဖြိုးသော အထက်မေး ၊ အောက်မေး။
၂၃။ သွားပေါင်းလေးဆယ်ရှိခြင်း။
၂၄။ ညီညာတိကျသောသွားရှိခြင်း။
၂၅။ ကြိုးကြဲမရှိ၊စေ့သောသွားရှိခြင်း။
၂၆။ ထင်ရှားသောသွားစွယ်ရှိခြင်း။
၂၇။ ရှည်ပြန့်သော လျှာ ရှိခြင်း။
၂၈။ ဗြဟ္မာ မင်း၏ အသံကဲ့သို့ သာယာချိုမြိန်သောအသံ ၊ ကရဝိတ်သံရှိခြင်း။
၂၉။ ညိုသင့်သော အရပ်၌ ၊ အလွန်ညိုသော မျက်လုံး။
၃၀။ ဖွားသစ်စ နွားငယ်၏ မျက်လုံးအိမ်ကဲ့သို့ မျက်လုံးအိမ်ရှိခြင်း။
၃၁။ မျက်ခုံး နှစ်သွယ် ၊ အလည် တည့်တည့်၌ ၊ ဥဏ္ဏလုံမွှေးရှင်တော် ရှိခြင်း။
၃၂။ နဖူးသင်းကျစ်ရှိခြင်း
ဘုရားဟောထဲတွင် ကမ္ဘာဦးအကြောင်းတင်မကလှပဲ စကြာဝဠာ အဦးမှ အစပြုကာ မြောက်များစွာပါရှိလေသည်ဟု မှတ်သားစေချင်ပါသည်၊ သို့သော် သုတေသီတို့ကဲ့သို့ ဟောကြားထားခဲ့ခြင်းမဟုတ်ပေ၊ လူတစ်ယောက်၏ကျင်လည်ခဲ့ရာ ဘဝများစွာတို့ကို ဟောကြားရင် ထည့်သွင်းပြောကြားခြင်းများသာဖြစ်ပေသည်။ အလွန်တရာကျယ်ဝန်းလှသဖြင့် ရွာဦးကျောင်းဆရာတော် မရေးဝံ့တော့ပြီ။
ဒိုင်နိုဆောအကြောင်းကိုမူ ဟောကြားခဲ့သည် မဟောကြားခဲ့သည်ကို မလေ့လာဖူးပေ။ ဒိုင်နိုဆော အကြောင်းကို သိလိုပါက ဤနေရာတွင် အနည်းငယ် လေ့လာသိရှိနိုင်ပါသည်။ မြတ်စွာဘုရားသည် မဂ်ဖိုလ် နိဗ္ဗာန် ရမည့်အကြောင်းအရာများမှတစ်ပါး အခြားသော စကားများကို ပြောလေ့မရှိဟူ၍ကား မှတ်သားဖူးပါသည်၊ သိလိုပါက ကျမ်းတတ်အကျော် ဆရာတော်တို့အား မေးမြန်းလျှောက်ထားပါလေ။
Posted by ရွာဦးကျောင်း ဆရာတော် at 6:42 AM 0 comments
Labels: ဘာသာရေးအမေးအဖြေကဏ္ဍ