အပေါ်ကို မော့ကြည့်ပါ


တစ်နေ့သ၌ အကျွန်ုပ်ကပ္ပိယကျော်ခေါင်သည်၊ ပန်းဆိုးတန်းစာအုပ် အဟောင်းဆိုင်များနှင့် အလှန်းဝေးနေသည်အားလျှော်စွာ၊ ဗဟုသုတရလို ရငြားဖြင့် နီးစပ်ရာ ဘလော့ပေါင်းများစွာတို့ကို၊ ဝင်ရောက်ဖတ်ရှု့နေရင်း၊ တစ်နေရာသို့ အရောက်တွင်။
သတိမော့မကြည့်ရ ဟူသော၊ ကန့်သတ် တားမြစ်ချက်ကို တွေ့ရသဖြင့်၊ ကြည့်ဖြစ်အောင် မော့ကြည့်မိလေတော့၏။

မှန်ပါပေသည်၊ ဘန်ကောက်သူလေးများ၏ ဝတ်ပုံစားပုံများနှင့် အလွန်တစ်ရာမှ ပေါများလှသော လူကူးခုန်းကျော် တံထားများသည်၊ တကယ်ပင်လျှင် အပေါ်သို့ မော့မကြည့်ဝံ့စရာ။ သို့သော်လည်း အကျွန်ုပ်ကပ္ပိယကျော်ခေါင်သည်ကား ကြည့်ဖြစ်အောင် ကြည့်မိသည် သာတည်း။

ဘန်ကောက်သူလေးများ၏၊ စကပ်တိုတို ခါးပေါ်ပေါ်၊ ဝတ်စားဆင်ယင် ထားခြင်းသည်ကား ဒီအရပ်နှင့် ဒီဇာတ် လိုက်ဖက်ညီလှ သောကြောင့်၊ အပေါ်ကို မော့မကြည့်ရသည်ကို၊ အကျွနုပ်ကပ္ပိယတစ်ယောက်အနေဖြင့်၊ ဘာမှမပြောလိုတော့ပေ။

သတိ အပေါ်ကို မော့ကြည့်ပါဆိုသော ဆိုင်းပုတ်လေးကြောင့်၊ မလွဲသာ အရှောင်သာ အပေါ်ကို မော့ကြည့်ခဲ့မိ၍၊ (မအေနှင့်) ကော်တုတ် ခံခဲ့ရဖူးသော၊ မြန်မာနိုင်ငံ တစ်နေရာမှ အကျွန်ုပ်၏ ဖြစ်ရပ်ကိုကား၊ လူစုံတုန်းရှင်းပြရပေတော့မည်။

အကျွန်ုပ်သည် ငယ်ပေါင်းသူငယ်ချင်းများဖြစ်သော ဒဂုံတက္ကသိုလ်ကျောင်းသူ လေးများနှင့်၊ နွေရာသီကျောင်းပိတ်ရက်တွင် ကိုယ့်ဌာနေ ကိုယ်မပြန်ခင်၊ ရန်ကုန်မြို့အနှံ့ ကားစီးလုံးငှားကာ၊ ဘုရားဖူးထွက်လာခဲ့ကြလေ၏။ ရွှေတိဂုံ၊ ဆူးလေ၊ ဗိုလ်တစ်ထောင်၊ ကမ္ဘာအေး၊ စွယ်တော်၊ ထိုမှတစ်ဆင့် ဒဂုံတက္ကသိုလ်သို့ အပြန်လမ်းတွင်၊ မယ်လမုဘုရားကိုလည်း ဝင်ခဲ့ကြလေ၏။

မယ်လမုဘုရားသို့ အရောက်တွင်ကား၊ နေ့လည်က စားတော်စုံခဲ့သမျှ ခဝါချချင်လာသဖြင့်၊ အိမ်သာကို လိုက်ရှာရသေတော့၏၊ အကျွန်ုပ်နည်းတူပင်လျှင် အားလုံးသော မိန်းခလေးများမှာလည်း၊ အိမ်သာအတွက် တီးတိုးတိုင်ပင်နေကြလေပြီ။
အလွန်တစ်ရာမှ လိမ္မာပါးနပ်သော အကျွန်ုပ်ကပ္ပိယကျော်ခေါင်သည်လည်၊ ချက်ချင်းဆိုသလို အကဲခတ်မိကာ၊

ဟေ့-ကလေးမလေးတွေ၊ ဟော့-ဟိုမှာ အိမ်သာရှိတယ်၊ ငါအရင်သွားလိုက်မယ် ပြီးမှနင်တို့အလှည့် ဟု ဆိုကာ၊ အိမ်သာရှိရာသို့ ဒုန်းစိုင်းခဲ့လေ၏။

လက်ရှိ မယ်လမုဘုရားဝင်းတွင် အသုံးပြုနေသော အိမ်သာမှာ ထိုစဉ်က ဆောက်လုပ်ဆဲသာ ဖြစ်သေး၍၊ ယာယီအသုံးပြုနိုင်ရန်၊ အထပ်သားများဖြင့် ပြုလုပ်ထားသော အိမ်သာတစ်လုံးသာလျှင်ရှိလေသည်။

အကျွန်ုပ်သည် ဘာကိုမျှဂရုမစိုက်တော့ပဲ၊ အိမ်သာထဲ့သို့ ဝုန်းခနဲဝင်ကာ၊ တံခါးကို ဒုန်းခနဲ ပိတ်လိုက်ပြီး ဆပ်ခနဲထိုင်ချလိုက်ပြီးမှ၊ ဘေးဘီးဝဲယာကို အကဲခပ်မိတော့၏၊ ကျွန်ုပ်၏ ရှေ့တည့်တည့် တံခါးရွက်တွင်ကား၊ ဆေးရောင်အဖြူဖြင့် ရေးထားသော သတိ အပေါ်ကို မော့ကြည့်ပါ ဟူသော သတိပေးစာတမ်းလေးကို၊ လမ်းညွန် မျှားလေးနှင့်တကွ၊ တွေ့ရလေတော့၏။

အကျွန်ုပ်သည်လည်းစိတ်ဝင်စားလွန်းလှသဖြင့်၊ အလို…ဘာများပါလိမ့်ဟု အကြံဖြင့်၊ မျှားပြရာသို့ အစဉ်အတိုင်းလိုက်၍ အပေါ်ကို့ မော့ကြည့်ရာ၊ မျက်နှာကျက်သို့ ရောက်သည့်တိုင်အောင်၊ မျှားက မဆုံးသေချေ၊ ကျွနုပ်သည် စိတ်ဝင်စားလွန်းသော ကြောင့်သာ ခေါင်းကို မော့နိုင်သမျှမော့၍၊ ကြည့်ရှု့နေလေတော့၏။

အကျွန်ုပ်၏ဘဝတွင်၊ ထိုအခါကကဲ့သို့  ဘယ်တုန်းကမျှ ခေါင်းကို ထိုင်လျှက်နှင့် မမော့ဖူးချေတကား။ ခေါင်းကို အစွမ်းကုန် မော့ပြီးမှ၊ လမ်းညွန်မျှားလေး၏ အဆုံးတွင်၊ ရေးသားထားသောစာမှာ (နားနဲ့ မနာ ဖဝါနဲ့သာနာကြပါတော့)၊

ငါ့ (…) စားချင်လို့ကြည့်လား။ ဟူသော စာတန်းလေးကို တွေ့ရသဖြင့်၊ နဂိုကမှ ခေါင်းကို အစွမ်းကုန် မော့ထားရသဖြင့် သိပ်ဘဝင်မကျလှသော အကျွန်ုပ်သည်၊ ဖျင်းခနဲ ဒေါသထွက်လေတော့၏။

အကျွန်ုပ်ကဲ့သို့ပင်လျှင် ၄င်းအိမ်သာကို ဝင်ခဲ့ကြသော၊ ဒဂုံတက္ကသိုလ် ကျောင်းသူလေးများသည်လည်း၊ အပေါ်ကို မော့ကြည့်ခဲ့ကြမည်မှာ သေချာလေတော့၏။

ထိုမှတစ်ဆင့် အိမ်အပြန်လမ်း ကားပေါ်တွင်ကား၊ ကျွန်ုပ်တို့ လူတစ်စုသည်၊ အနည်းငယ်တိတ်ဆိတ်နေကြပြီးမှ၊ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာဖြင့်၊ ကြိုတင်တိုင်ပင်ထားဖိသကဲ့သို့၊ သတိ အပေါ်ကိုမော့ကြည့်ပါ ဟု ပြိုင်တူရွတ်ဆိုကာ၊ ဝါး..ဟား ဟား။ ဟူ၍ ရယ်မိကြလေတော့သတည်း။

ဆက်ဖတ်ရန်.

ကြွက်ကိုက်သော ပုဆိုး

မေး။ ။ အောင်ကျော်ဇော။ ။ အရှင်ဘုရား တပည့်တော် တစ်ခုမေးပါရစေဘုရား၊ ရပ်ကွက်ထဲမှာ အမြဲလိုလို ကြားနေရတဲ့ ၊ အတိတ် နိမိတ် ဆိုတာနဲ့ ပါတ်သက်ပြီးတော့၊ ကြွက်ကိုက်တဲ့ အဝတ်ကို မဝတ်ရဘူးဟု ကြားဖူးပါသည်ဘုရား၊ ဘာသာရေးရှု့ထောင့်မှ ဘယ်လို အယူရှိသည်ကို ဖြေကြားပေးတော်မူပါဘုရား။

ဖြေ။ ။ ကြွက်ကိုက်သောအဝတ်၊ မီးလောင်သောအဝတ်၊ ရေမျော်သောအဝတ်၊ ရက်ရာဇာ၊ ပြဿဒါး၊ ဝါရမိတ္တု၊ အိမ်ထောင်ဖက်၊ မိတ်ဖက်၊ ရန်ဖက်၊ ဓာတ်နေ၊ လာဘ်နေ၊ နတ်နေ၊ စက်နေ၊ ရေချိုးနေ့၊ ခေါင်လျှော်နေ့၊ သမားဖြူနေ့၊ တာနောနေ့၊ ဤများလှစွာသော၊ ရှောင်စရာအဖုံဖုံ ပေါက်ကရ မျိုးစုံတို့ကြောင့်၊

သောကြာရေကြောင်း မသွားကောင်း၊ တနင်္လာတစ်ခါနှင့်မပြီး၊ ပန်းပေး အလှန်းဝေး၊ ပါဝါပေး တစ်ကမ္ဘာဝေး၊ စသည် စသည်အားဖြင့် ပြောမဆုံးပေါင် တောသုံးတောင် မျှလောက်သော၊ အယူအဆ အစွဲအလမ်းတို့သည်၊ လူလောက လူ့ဘဝထည့်တွင်၊ အနည်းနှင့်အများ ရှိနေကြသည်ကို နေရာတိုင်း ဒေသတိုင်း၌ တွေ့နေရလေသည်။

ဤကဲ့သို့ အယူအဆများကို အစွဲဥပါဒါန်မထားသင့်ဟု ဘုရားရှင်ဟောတော်မူခဲ့သော၊ ဇာတ်နိပါတ်များမှ တစ်ခု ထုပ်နုတ်ရေးသားပြပါမည်။

ရာဇဂြိုဟ်ပြည်တွင် အတိတ်နိမိတ်ကို အလွန်ယုံကြည်သော ပုဏားတစ်ယောက်သည်၊ မိမိ၏ အဝတ်များကို ကြွက်ကိုက်ခံရသဖြင့်၊ နိမိတ် မကောင်းဟု ယူဆကာ သားဖြစ်သူကို သုဿာန်၌ စွန့်ပစ်ရန် စေခိုင်းလိုက်လေ၏၊

ချစ်သား ဒီအဝတ်တွေကို လက်နှင့်မထိစေနဲ့ ၊ လက်နှင့် ထိမိလျှင် ပျက်စီးတော့မည်၊ အိမ်မှာထားလျှင်လည်း စီးပွားပျက်မည်၊ အစေခံတွေက မလွင့်ပစ်ပဲ သိမ်းဆည်းထားလျှင်လည်း ပျက်စီးတော့မည် ဟု ပြောဆိုကာ သူ့သားကိုလည်း မထိမိစေပဲ ထုပ်ချောင်းနှင့် ကော်ယူကာ သွားရောက် စွန့်ပစ်ခိုင်းလေတော့၏။

ထိုအခြင်းအရာကို သိတော်မူုသော ဗုဒ္ဓက၊ သုဿာန်တွင် အသင့်စောင့်၍ နေလေ၏၊ ပုဏား၏သား ရောက်လာသောအခါ၊
အသင်လုလင် ဘာ့ကြောင့် သုဿာန်သို့ လာသနည်းဟု မေးလေ၏၊

ထိုအခါ လုလင်က၊ အရှင်ဘုရား တပည့်တော်တို့အိမ်မှာ အဝတ်တွေကို ကြွက်ကိုက်ခံရပါသည်၊ ၄င်းမင်္ဂလာမရှိတော့သော အဝတ်များကို သိမ်းဆည်းထားမိလျှင် ပျက်စီးတတ်သောကြောင့်၊ သုဿာန်၌ စွန့်ပစ်ရန် လာခဲ့ပါသည်ဘုရား ဟူ၍ လျှောက်ထားလေ၏။

ဘုရားရှင်သည် လုလင်ငယ် စွန့်ပစ်သော အဝတ်များကို ကောက်၍ယူသွားလေ၏၊ ထိုအကြောင်းကို သိသော ဖခင်ပုဏားကြီးသည်၊ ဤအရှင်ဂေါတမသည်၊ ပျက်စီးဆုံးရှုံးရတော့မည်ဟု စိုးရိမ်မိသဖြင့်၊ မိမိအိမ်၌ရှိသော အဝတ်အစားများကိုယူကာ ဝေဠုဝန်ကျောင်းသို့ ချက်ချင်းလိုက်သွားလေ၏၊

အရှင်ဂေါတမ ကြွက်ကိုက်သော အဝတ်အစားတွေကို သိမ်းထားလျှင် အရှင်ဂေါတမရော ကျောင်းတိုက်ကြီးပါ ပျက်စီးရတော့မည်၊ သင်္ကန်းအတွက် အဝတ်မလုံလောက်လျှင် ဤအဝတ်သစ်များကိုယူ၍ သင်္ကန်းချုပ်ဝတ်ပါဟု လျှောက်ထားလေ၏။
ထိုအခါဘုရားရှင်က ပုဏားသားအဖအား မင်္ဂလဇာတ်တော်ကို ဟောကြားတော်မူလေ၏၊ မင်္ဂလဇာတ်အဆုံးတွင် ပုဏားကြီးအား ဘုရားရှင်က ဤသို့ ပြောလိုက်လေ၏၊

ပုဏားကြီး.. ရဟန္တာပုဂ္ဂိုလ်တို့မည်သည်၊ နေကြတ်၊ လကြတ်၊ နက္ခတ်ကြတ်၊ ဥက္ကာကျ၊ ပြဿဒါး၊ အရပ်မီးလောင်ခြင်းစသော အထူး ထူးသော၊ အတိတ်ဖတ် နိမိတ်ဖတ်၊ လက္ခဏာဖတ်၊ အစွဲများကို လွန်မြောက်နေလေပြီ၊ အစွဲအလန်းများကို ပယ်ဖြတ်ပြီးလေပြီ၊ ယုတ်စွာ့အဆုံး ဤလောကကိုပင် အစွဲမရှိကြတော့ပြီးဟူ၍ ဟောတော်မူလေ၏။
ပုဏားသားအဖသည်လည်း ဘုရားရှင်၏တရားကို နာကြားရသဖြင့်၊ သောတာပန်တည်လေတော့သတည်း။

ဆက်ဖတ်ရန်.

ထိုင်းနိုင်ငံရှိ တက္ကသိုလ် အသီးသီးမှ ရခိုင်ကျောင်းသား ကျောင်းသူများ စုပေါင်းဆွမ်းကပ်၊

 
ကျောင်းသား ကျောင်းသူများ ဆွမ်းဆက်ကပ်နေပုံ

Accumption University , Mahidol University နှင့် Rangsit University တက္ကသိုလ် အသီးသီးတို့၌၊ တက်ရောက် ပညာသင်ကြားနေကြသော၊ ရခိုင်ကျောင်းသူ ကျောင်းသားများမှ စုပေါင်း၍၊ မြန်မာကျောင်းသား ရဟန်းတော်များ အများဆုံး သီတင်းသုံးရာ ဝပ်တလုမ်ကျောင်းတိုက်၌၊ ဆွမ်းဆက်ကပ်လှူဒါန်း၊

 
တက္ကသိုလ်အသီးသီးမှ ရခိုင်ကျောင်းသား ကျောင်းသူများ ပျော်ပျော်ပါးပါး ထမင်းသုံးဆောင်နေကြစဉ်

ဆက်ဖတ်ရန်.

ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်ကြပါစေ။

"အို ကာလမတို့-

(၁)တဆင့်စကား အဆင့်ဆင့်ကြားရသည်တို့အပေါ်မှာလည်း အပြီးသတ် ဆုံးဖြတ်ချက်မချကြကုန်နှင့်။

(၂) သင်တို့အထက်က ဘိုးဘေးဘီဘင် အစဉ်အဆက်လာ ဓလေ့ထုံးတမ်းများကိုလည်း
အဆုံးသတ် အားကိုးပြီး အဟုတ်မှတ်၍ မကျင့်သုံးကြကုန်နှင့်။

(၃)အခြေအမြစ်မပါသည့် သူပြောငါပြော ကောလာဟလ စကားတို့ကိုလည်း လက်ခံမမှားကြကုန်နှင့်။

(၄)ဘာသာရေးကျမ်းစာတို့၏ အရှိန်ဩဇာအောက်မှာလည်း နစ်မြုပ်၍မနေကြကုန်နှင့်။

(၅) အကျင့်နှင့် အသိမပါ တက္ကီဝါဒီတို့၏ အတွေးအခေါ်များကိုလည်း ဟုတ်ပြီ မှန်ပြီဟု အတည်မယူကြကုန်နှင့်။

(၆)အခြားအခြားသောလူတို့ အခြားအခြားသော အယူဝါဒတို့ထံမှ ပုံတူကူး၍ ကျင့်သုံးခြင်းသည်လည်း မိမိတို့ ဘဝနှင့် အပ်စပ်လိမ့်မည်ဟု အတည်တကျ မယူကြကုန်နှင့်။

(၇) မိမိတို့အတွေးအခေါ် အယူအဆကို မိမိတို့၏ အတွေးဖြင့်သာလျှင် အကြောင်းယုတ္တိပေး၍ တင်ပြနိုင်ရုံမျှဖြင့် ကိုယ့်အတွေး ကိုယ့်ယုတ္တိ ဟုတ်ပြီဟု မယူကြကုန်နှင့်။

(၈)ဆရာတစ်ယောက်ယောက် လာရောက်ဟောပြောချက်သည် မိမိတွေးထင်ထားသည်နှင့် ကိုက်ညီသွားပြီဆို ရုံမျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု မယူဆကြကုန်နှင့်။

(၉) လေးစားထိုက်သော လောကကဂရုပြုနေသည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ဝါဒသည် ဖြစ်နိုင်ဖွယ်ရှိသည်ဟူ၍လည်း တစ်ထစ်ချ မယူကြကုန်နှင့်။

(၁၀) မိမိတို့ ဆည်းကပ်ကိုးကွယ်သော ဆရာတို့၏ စကားတိုင်းသည်လည်း ဟုတ်ပြီမှန်ပြီ အကျိုးရှိပြီဟု အပြီးသတ် မမှတ်ယူကြကုန်နှင့်။
ဟူ၍ ဘုရားရှင် မိန့်မှာတော်မူခဲ့သည်ကို သတိမူကြလျှက်=

ဤဘလော့၌ ရွာဦးကျောင်းဆရာတော် ဤကဲ့သို့ ဖြေကြားထားသည်ဟူ၍လည်း ဟုတ်လှပြီဟု အပြီးသတ် မမှတ်ယူကြစေချင်ပါ။


  © Blogger templates Palm by Ourblogtemplates.com 2008

Back to TOP