သာဓု ဟူသည် အစွမ်းထက်သော ဂါထာမန္တရား မဟုတ်

အမေး။ ။Guest ဆရာတော်ဘုရား. ဘာသာခြားများက မေးလာတဲ့မေးခွန်းကို သေရှာဖြေနိုင်အောင် ကူညီပါဦးဘုရား။
သာဓုဆိုတာဘာလဲ။ သာဓုခေါ်လိုက်တာနဲ့ ကျွတ်လွတ်သွားရောလား တဲ့။
ကိုယ်တိုင်မလုပ်ဘဲ သာဓုခေါ်လိုက်ရုံနဲ့ ကျွတ်လွတ်သွားရောလား။ အဲလောက်စွမ်းလား ဆိုတဲ့ သဘောနဲ့ မေးကြတယ် ဘုရား။

နောက်ပြီး တပည့်တော်မ သိချင်တာက မကောင်းဆိုးဝါးတွေ မနှောက်ယှက်အောင် အိမ်တို့ ကုတင်အိပ်ယာတို့ကို စည်းချတယ်ဆိုတာ ဘယ်လို လုပ်တာလဲ ဘုရား။


အဖြေ။        ။ သာဓု- ဟူသည် ပါဠိဘာသာဖြစ်သည်၊ မြန်မာလို (ကောင်းလေစွာ့- ကောင်းသည်) ဟု အဓိပ္ပါယ်ရသည်။ ကွယ်လွန်သွားပြီးသောသူများကို အမျှအတန်းပေးဝေရာ၌၊ ၄င်းသေပြီး၍ မကျွတ်မလွတ်သေးသော သူများက သာဓု ဟု ခေါ်ဆိုလိုက်ရလျှင်၊ ကျန်ရစ်သူများ ပြုလုပ်သော ကုသိုလ်ကောင်းမှူ၏ အကျိုးကို မုချရသည်ဟု ဆိုပါသည်။

သို့သော် သာဓု ဟု သာမန်အားဖြင့် ပြောဆိုရုံနှင့် အကျိုးခံစားရသည်ဟု မမှတ်စေချင်ပါ၊ သာဓု ဆိုသော စကားလုံးသည်၊ အစွမ်းထက်သော ဂါထာမန္တရား မဟုတ်ပေ။ မိမိအတွက် ရည်စူး၍ ပြုလုပ်သော ကုသိုလ်ကောင်းမှူကို၊ မြတ်မြတ်နိုးနိုး ဝမ်းသာပီတိဖြစ်၍ သာဓု ခေါ်ဆိုနိုင်မှ အကျိုးရလေသည်၊

အဘယ်ကြောင့် ဆိုသော်- ၄င်းပီတိသည်ပင်လျှင် မဟာကုသိုလ် သောမနဿပီတိ ဖြစ်သောကြောင့်ဟု မှတ်ပါလေ။ သာဓုက အကျိုးပေးသည်မဟုတ်၊ သာဓု (ဝါ) ဝမ်းမြောက် ဝမ်းသာ ဖြစ်သော ကိုသိုလ်သောမနဿ စိတ်က အကျိုးပေးသည်ဟု မှတ်ပါလေ။ ထိုသော ဝမ်းမြောက်မှ သာလျှင် (သာဓု) ခေါ်ဆိုနိုင်လေသည်။ တစ်နည်းအားဖြင့်၊ ငါ ဝမ်းမြောက် ဝမ်းသာဖြစ်သည် (သာဓု) ဟု ပြောခြင်းသာဖြစ်လေသည်။

မကောင်းဆိုးဝါးများ မနှောင့်ယှက်နိုင်အောင် စည်းချခြင်းသည်၊ ရတနာသုံးပါး၏ ဂုဏ်ကို အာရုံပြု၍ မေတ္တာ ဘာဝနာစိတ်ဖြင့် အိပ်စက်ခြင်းကို ဆိုလိုသည်၊ သိုသော်- လောကီနက္ခတ်ပညာ အင်းပညာ မှော်ပညာတို့၏ အစွမ်းများဖြင့် စည်းချခြင်းများလည်းရှိသေးသည်။

ည အိပ်ယာဝင်ခါနီ မေတ္တာပို့ခြင်း၊ ရတနာသုံးပါး မိဘ ဆရာသားများ၏ ဂုဏ်ကို အားပြု ရှိခိုးခြင်း၊ သို့မဟုတ် မိမိရွတ်ဖတ်ပူဇော်လေ့ရှိသော သမ္ဗုဒ္ဓေ အစရှိသော ဂုဏ်တော်များကို ရွတ်ဖတ်၍ မင်္ဂလာရှိစွာ အိပ်စက်ပါလေ။ ထိုသို့ အိပ်စက်ခြင်းသည်ပင်လျှင် စည်းချခြင်းဖြစ်လေသည်။

ဆက်ဖတ်ရန်.

ရေဘေးကယ်ဆယ်ရေး မှတ်တမ်း

Type the rest of your post here.

ဆက်ဖတ်ရန်.

လက္ခဏာတော် ၃၂ ပါး

Guest  မေး။   ။ ဘုရား လက္ခဏာ ၃၂ပါးက ဘုရားဖြစ်ပြီးမှ ပေါ်လာတာလား မွေးတည်းက ပါရှိနေတာ လားဘုရား။
 Guest မေး။     ။ အရင်ဘုရား ဘုရားဟောထဲမှာ ဒိုင်နိုဆောတို့ ကမ္ဘာဦးက အကြောင်းတွေ ပါပါသလား ဘုရား။
အဖြေ။       ။  ဘုရားလက္ခဏာ ၃၂ ပါး ဟူ၍ သိထားမိသောကြောင့် ဤမေးခွန်းကို မေးသည်ဟု ယူဆရပါသည်၊ အမှန်မှာမူ Guest သိထားသော ဘုရားလက္ခဏာ ၃၂ ပါးဟူသည်၊ မဟာပုရိသ လက္ခဏာ ခေါ် ယောင်္ကျားမြတ်တို့၏ လက္ခဏာ ၃၂ ပါးသာဖြစ်ပေသည်၊ ဘုရားအလောင်တော်သည် ၄င်းလက္ခဏာ ၃၂ ပါးနှင့်ပြည့်စုံသော မဟာပုရိသ ဖြစ်လေသည်။ ထို့ကြောင့်သာလျှင် ဗေဒင်လက္ခဏာ ဆရာများဖြစ်ကြသော၊ အရှင်ကောဏ္ဍညပုဏ္ဏားက ဘုရားစင်စစ် ဧကန် ဖြစ်မည်ဟု ဟောခဲ့ခြင်း ဖြစ်လေသည်။

သို့သော် အရွယ်နှင့် လိုက်လျှောညီထွေစွာသာလျှင် ၄င်းလက္ခဏာများ ဖြစ်ပေါ်ပေလိမ့်မည်။ ၄င်းလက္ခဏာ ၃၂ ပါးအား ဖော်ပြပေးလိုက်ပါသည်။
ဗုဒ္ဓဘုရားနှင့် စကြာဝတေးမင်းကဲ့သို့ ယောင်္ကျားမြတ်တို့၏ လက္ခဏာကြီးများ။
၁။ ပြည့် ဖြိုးညီညာသောဖဝါး။
၂။ ၁၀၈ ကွက် ၊ စက် လက္ခဏာ တော် အစုံပါသော ခြေဖဝါး။
၃။ သူတပါးတို့ထက် လုံးဝန်းရှည်သော ဖနောင့်။
၎။ ရင်းတုတ် ဖျားသွယ် ရှည်လျား၊ ညီညာသော ခြေချောင်း၊လက်ချောင်း ။
၅။ ဖွားစ အခါ ကဲ့သို့ အမြဲနုနယ်သော လက် ခြေ များ။
၆။ အတို အရှည် မရှိ ညီညာသော ၊ လက်ချောင်း၊ ခြေချောင်း။
၇။ မြင့်တက်သောဖမျက်၊
၈။ ခြေသလုံး၏ ရှေ့နောက်၊ နံပါး အသားစိုင်များမှ ၊ သလေးစပါးနှင့်တူခြင်း။
၉။ ကိုယ်ခန္ဓာ အဖြောင့်ထား၍ ဒူးဆစ်ထိရှည်သောလက်။
၁၀။ အအိမ်ဖြင့် ဖုံးလွှမ်းအပ်သော အင်္ဂါဇာတ်။
၁၁။ ရွှေ အဆင်းကဲ့သို့ဝါဝင်း၍ လုံးကျစ်သော ကိုယ်။
၁၂။ နုနယ်သော အရေ၊ အသား။
၁၃။ မွှေးညှင်းတစ်တွင်း ၌ တစ်ပင်စီ သာပေါက်ခြင်း။
၁၄။ ထိုမွှေးညှင်းတို့သည် လင်္ကျာရစ်လှည့်၍ အဖျားကော့တက်ပြီး ၊ မျက်စဉ်း အညိုရောင်ရှိခြင်း။
၁၅။ ဖြောင့်စင်းသော ကိုယ်ခန္ဓာ။
၁၆။ လက်ဖမိုး၊ခြေဖမိုး ပခုံးစွန်း လည်ဂုတ်ပြည့်ဖြိုးခြင်း။
၁၇။ ခြင်္သေ့မင်း၏ ရှေ့ပိုင်းကိုယ်ကဲ့သို့ ၊ ရှေ့ နောက် ၊အောက်ထက် ပြည့်စုံ သောကိုယ်။
၁၈။ လက်ပြင်ရိုးနှစ်ခု အကြား ပြည့်ဖြိုးသော အသား ။
၁၉။ အလံနှင့် အရပ် ညီ မျှ စွာရှိခြင်း။
၂၀။ အညီ အမျှ ၊ လုံး ၍ လှပသော ပခုံး၊လည်ပင်း။
၂၁။ အရသာကို ဆောင်ယူနိုင်သော အကြောကောင်းများ။
၂၂။ ခြင်္သေ့ ၏ အောက်မေးကဲ့သို့ ပြည့်ဖြိုးသော အထက်မေး ၊ အောက်မေး။
၂၃။ သွားပေါင်းလေးဆယ်ရှိခြင်း။
၂၄။ ညီညာတိကျသောသွားရှိခြင်း။
၂၅။ ကြိုးကြဲမရှိ၊စေ့သောသွားရှိခြင်း။
၂၆။ ထင်ရှားသောသွားစွယ်ရှိခြင်း။
၂၇။ ရှည်ပြန့်သော လျှာ ရှိခြင်း။
၂၈။ ဗြဟ္မာ မင်း၏ အသံကဲ့သို့ သာယာချိုမြိန်သောအသံ ၊ ကရဝိတ်သံရှိခြင်း။
၂၉။ ညိုသင့်သော အရပ်၌ ၊ အလွန်ညိုသော မျက်လုံး။
၃၀။ ဖွားသစ်စ နွားငယ်၏ မျက်လုံးအိမ်ကဲ့သို့ မျက်လုံးအိမ်ရှိခြင်း။
၃၁။ မျက်ခုံး နှစ်သွယ် ၊ အလည် တည့်တည့်၌ ၊ ဥဏ္ဏလုံမွှေးရှင်တော် ရှိခြင်း။
၃၂။ နဖူးသင်းကျစ်ရှိခြင်း

ဘုရားဟောထဲတွင် ကမ္ဘာဦးအကြောင်းတင်မကလှပဲ စကြာဝဠာ အဦးမှ အစပြုကာ မြောက်များစွာပါရှိလေသည်ဟု မှတ်သားစေချင်ပါသည်၊ သို့သော် သုတေသီတို့ကဲ့သို့ ဟောကြားထားခဲ့ခြင်းမဟုတ်ပေ၊ လူတစ်ယောက်၏ကျင်လည်ခဲ့ရာ ဘဝများစွာတို့ကို ဟောကြားရင် ထည့်သွင်းပြောကြားခြင်းများသာဖြစ်ပေသည်။ အလွန်တရာကျယ်ဝန်းလှသဖြင့် ရွာဦးကျောင်းဆရာတော် မရေးဝံ့တော့ပြီ။

ဒိုင်နိုဆောအကြောင်းကိုမူ ဟောကြားခဲ့သည် မဟောကြားခဲ့သည်ကို မလေ့လာဖူးပေ။ ဒိုင်နိုဆော အကြောင်းကို သိလိုပါက ဤနေရာတွင် အနည်းငယ် လေ့လာသိရှိနိုင်ပါသည်။ မြတ်စွာဘုရားသည် မဂ်ဖိုလ် နိဗ္ဗာန် ရမည့်အကြောင်းအရာများမှတစ်ပါး အခြားသော စကားများကို ပြောလေ့မရှိဟူ၍ကား မှတ်သားဖူးပါသည်၊ သိလိုပါက ကျမ်းတတ်အကျော် ဆရာတော်တို့အား မေးမြန်းလျှောက်ထားပါလေ။

ဆက်ဖတ်ရန်.

ထိုင်းဘုရင်းမကြီး သိရိခေတ်


ထိုင်း ဘုရင်မကြီး သိရိခေတ် (สมเด็จพระนางเจ้าสิริกิติ์ พระบรมราชินีนาถ ) (Somdej Phra Nangchao Sirikit Phra Boromarajininat) ကို ၁၉၃၂ ခု သြဂုတ်လ ၁၂ ရက်နေ့တွင်၊ မွေးဖွားခဲ့သည်၊ ခမည်းတော်မှာ ထိုင်းမင်းသားကြီး ချန်ဒရာမူရီဆူနတ် ဖြစ်သည်။

အဋ္ဌမမြောက် ရာမဘုရင်ဘွဲ့ခံ အနန္ဒာမဟီဒိုး နတ်ရွာစံပြီးနောက် နန်းတက်လာသော၊ လက်ရှိ နဝမမြောက် ရာမဘုရင် ဘူမိဘော အဒူလျာဒက်(ဂ်ျ)နှင့် ၁၃၉၅ ခုနစ် ဧပြီလ ၂၈ ရက်နေ့တွင် စုလျာရစ်ပတ် လက်ထပ်ထိမ်းမြားခဲ့သည်။


မိဘုရားသိရိခေတ်နှင့် ဘုရင်ဘူမိဘော တို့သည်၊ ဆွစ်ဇာလန်နိုင်ငံတွင် ပညာသင်ကြားနေခဲ့စဉ် ကတည်းက မေတ္တာမျှနေခဲ့ကြသည် ဟု လူသိများကြလေသည်၊ မင်းသမီးသိရိခေတ်သည်ကား နုပျိုစဉ်အရွယ်က ကမ္ဘာပေါ်ရှိတော်ဝင်မင်းသမီးများ ထဲတွင် အချောဆုံးအလှဆုံး စာရင်ဝင်ခဲ့သူ တစ်ယောက်ဖြစ်လေသည်။


မင်းသမီး သိရိခေတ်သည် ဘုရင်ဘူမိဘော နှင့်အတူ သျှောင်းနောက် ဆံထုံးပါ ဆိုသကဲ့သို့ နယ်စွန် နယ်ဖျားများသို့ လိုက်ပါလျှက် ပြည်သူ ပြည်သားများအား လက်ဆောင်များ ပေးခြင်း ဆေးဝါးကုသပေးခြင်း၊ အစရှိသော လူသား အကျိုးပြုလုပ်ငန်းကို မငြီးမညူ လိုက်ပါ ဆောင်ရွက်လေသည်။

အထူးသဖြင့် ထိုင်းအမျိုးသမီးကလေးများ၏ ဘဝဖူလုံရေး အတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်များကို သင်ကြားစေရန် အားပေး ကူညီခဲ့လေသည်။

သိရီခေတ်သည် ထိုင်းဘုရင် ဘူမိဘော၏ တစ်ဦးတည်းသော မိဖုရားခေါင်ကြီး အဖြစ်ဖြင့် နေလာခဲ့သည်မှာ ယနေ့ သက်တော် အားဖြင့် ၇၉ နစ်သို့တိုင်ခဲ့လေပြီ။ သို့သော်လည်း မိဖုရားသိရိခေတ်အား မေတ္တာပျက်သော ထိုင်းပြည်သူတစ်ဦင်္းတစ်ယောက်မျှ မရှိသေးပေ။

အကျွန်ုပ်သည် သူတစ်ပါး တိုင်းပြည့်တွင် လူမဖြစ်ချင်သော်လည်း၊ အကျွန်ုပ် မွေးဖွားသော တိုင်းပြည်တွင်ကား ထိုကဲ့သို့ မင်း မိဖုရားများ ရှိခဲ့ပါမူ ကောင်းလေစွာ့ဟု ဆုတောင်းရင်း၊

တိုင်းသူ ပြည်သားများ အပေါ်တွင် ရင်ဝယ်သားကဲ့သို့ မေတ္တာထားကာ အုပ်ချုပ်နေသော မိဖုရားသီရိခေတ်သည်-၁၂-၈-၂၀၁၁ နေ့တွင် ကျရောက်သော ၇၉ နှစ်ပြည့် မွေးနေ့ မှသည် နောင်နှစ်ပေါင်း များစွာသော ကာလတိုင်အောင်၊ စိုးစံအုပ်ချုပ် မင်းလုပ်နိုင်ပါစေသတည်း။

ဆက်ဖတ်ရန်.

အဖြေမသိသော ပုစ္ဆာ

ဤသို့အစရှိသည်ဖြင့် အမေးပေါင်းစုံများကို မေးမြန်းခံနေရသော်လည်း မည်သို့မည်ပုံ နားလည်အောင် ပြန်လည်ဖြေကြား ရှင်းပြနိုင်စွမ်းမှ မရှိသေချေ။

ဘုန်းကြီးဖြစ်ပြီးတော့ ဘာကြောင့် အင်တာနက်သုံးသလဲ၊ ဝိနည်းတော်နှင့် ညီသလားဟု မေးသေး၏၊ ဤသည်ကား တော်ပါပေသေး၏တကား၊ တစ်ချိုလူများဆိုလျှင် အတီတေ ဗာရုဏသီချီလျှက် မြတ်စွာဘုရားရှင် လက်ထက်တော်အခါက ဘုန်းကြီးတွေ အင်တာနက်သုံးသလား ဟူ၍ မေးမြန်းကြသေး၏၊ ဒကာတော်ဦးပေါ်ဦးကိုသာ ဒုလ္လဘရဟန်းခံပေးပြီး ဖြေခိုင်းရပါမူကာ ကောင်းလေစွာ့။

သို့သော် ထိုကဲ့သို့သော် မေးခွန်းများကိုမူ ပြည်ပရောက်မြန်မာများနှင့် တစ်ခြားသော ဗုဒ္ဓဘာသာနိုင်ငံများမှ လူများ မေးလေ့မေးထမရှိပေ၊ ပြည်တွင်းမှ အင်တာနက်သုံးသော ညီငယ် ညီမငယ်များသာ မေးမြန်းလေ့ရှိကြ၏၊

အကြောင်းမှာကား၊ ဤသို့တည်း... မြန်မာပြည်အင်တာနက်လောကတွင် အသုံးပြုနေကြသူများမှာ google talk မှ တစ်ပါး အခြားမရှိချေ၊ ၄င်း google talk ဖြင့်လည်း တစ်ဦးနှင့်တစ်ဦး နောက်လိုက် စလိုက် ညာလိုက် ဝါလိုက်ဖြင့်ပင် လူငယ်အများစု အချိန်ကုန်နေကြကြောင်း တွေ့ ရှိရလေသည်၊ အခြားသော ဗဟုသုတဖြစ်ဖွယ်ရာ မည့်သည်ဝက်ဆိုဒ်ကိုမှ ဖွင့်ကြည့်၍မရချေ၊

ထို့ကြောင့်ပင်လျှင် ဦးဇင်းငယ်များကို အင်တာနက်လိုင်းပေါ်တွင် တွေ့ ရှိခဲ့ပါက၊ မိမိတို့ကဲ့သို့ (သူတို့အခေါ်) ကြူနေသည်ဟု တထစ်ချ ထင်မှတ်ကြလေတော့၏၊ အကျွန်ုပ် ရန်ကုန်သို့ ရောက်ခဲ့စဉ်က အင်တာနက်ဆိုင်များသို့ ဝင်မိလျှင် ကိုယ့်ကိုကိုယ် ရှက်ကိုးရှက်ကန်းဖြစ်မိသေး၏၊ အကြောင်းမှာ အများသူငါ ကြူနေသော နေရာတွင် ဝင်ထိုင်နေမိခြင်းကြောင့်ဖြစ်၏၊

ထို့သို့သော အကြောင်းများကြောင့်ပင်လျှင်၊ မေးခွန်းမျိုးစုံ မေးသော လူငယ်မောင်မယ်များအား အကျွန်ုပ်စိတ်မဆိုးနိုင်တော့ပေ၊ ထိုမေးခွန်း၏ အဖြေကိုလည်း အကျွန်ုပ်မဖြေဆိုလိုတော့ပေ၊ ပြည်ပမှာကဲ့သို့ အင်တာနက်လိုင်းများ အားကောင်းပြီး မိမိတို့ဖွင့်လိုသော ဝက်ဆိုဒ်များကို ဖွင့်၍ရသော တစ်နေ့ကိုသာ အကျွန်ုပ်မျှော်လင့် စောင့်စားနေမိသေးတော့၏တကား။

ဆက်ဖတ်ရန်.

(နမော တဿ) ဘုရားဟော ဟုတ်မဟုတ်

မေး။ ။ ဝေစန်း "နမော တဿ ဘုရားဟော ဟုတ်မဟုတ် သိလိုပါသည်ဘုရား၊ ကျေးဇူးပြု၍ ဖြေကြားပေးတော်မူပါ"

အဖြေ။ ။ အထက်ပါမေးခွန်းမှာ အလွန်သိထားသင့်သော မေးခွန်းဖြစ်သလောက်၊ နီးလျှက်နဲ့ ဝေးသော အဖြေဟုလည်း ဆိုချင်ပါသည်။

လေ့လာမိသလောက် ပြန်လည်ဖြေကြားရသော်၊ နမော တဿသည် ဘုရားရှိခိုး ဖြစ်သည့်အတွက်၊ ဘုရားရှင်အား ဂုဏ်တင်ထားသော၊ ဥဒါန်း၊ သို့မဟုတ်၊ အများနားလည်အောင် ပြောရမည့်ဆိုပါက၊ ဘုန်းတော်ဘွဲ့ တစ်ခု ဖြစ်လေသည်။ ဘုရားရှင်သည် မိမိကို ဂုဏ်တင်သော စကားကို ပြောဆိုမည်မဟုတ်ပေ၊ ဤတစ်ချက်တည်းဖြင့်ပင်လျှင်၊ ဘုရားဟော ဟုတ်မဟုတ် သဘောပေါက်ကြရပေမည်။

နမော တဿကို ရွတ်ဆိုခဲ့ကြသော ကျမ်းဂမ်လာ ပုဂ္ဂိုလ်များမှာ အောက်ပါအတိုင်း ဖြစ်လေသည်။

ဂေါတမဗုဒ္ဓလက်ထက်၊ ဗြဟ္မာယုပုဏ္ဏား၊ ဇာဏုသောဏိပုဏ္ဏား၊ ကာရဏပါလီပုဏ္ဏား၊ အာရာမဒဏ္ဍပုဏ္ဏား၊ ဓနဉ္ဇာနီပုဏ္ဏေးမ၊ ကောသလမင်းကြီး၊ သိကြားမင်း။

ဖုဿဘုရားရှင်လက်ထက်၊ မဟိန္ဒမင်းကြီး၊ အထက်ပါ ပုဂ္ဂိုလ်များသည်၊ မြတ်စွာဘုရားရှင်ကို ကြည်ညိုလှသဖြင့် နမော တဿ ဘဂဝတော အရဟတော သမ္မာသမဒ္ဗုဒ္ဓဿ ဟု ရွတ်ဆိုပြီး ရှိခိုးကန်တော့ခဲ့ကြသည် ဟူ၍မှတ်သားဖူးပါသည်၊

၎င်း နမော တဿ တွင်၊ ဘဂဝတော၊ အရဟတော၊ သမ္မာသမ္ဗုဒ္ဓဿ ဟူ၍ ဗုဒ္ဓ၏ဂုဏ်တော် သုံးမျိုးပါဝင်နေသည်ကိုလည်း တွေ့ရှိရပေသည်။

အကျယ်ကို သိလိုပါက၊ စာအုပ်မြောက်များစွာကို အချိန်ကြာကြာပေး၍ ဖတ်ရှူရပါမည်၊ အချိန်တိုအတွင်း သိလိုသူများသည်၊ (ပုံတော် ဂုဏ်တော်၊ ပရိတ်တော်) စာအုပ်ငယ်တွင် ရှာဖွေဖတ်ရှုလေ့လာနိုင်ပါသည်။

မှတ်သားရန်မှာ၊ နမော တဿသည် ဘုရားဟောမဟုတ်သော်လည်း ဘုရားရှိခိုးဟူ၍ မှတ်သားစေချင်ပါသည်။

ဆက်ဖတ်ရန်.

တွေ့ရင် ပြောကြားပါ

ဘုန်းဘုန်း
ရိုသေစွာ လျှောက်ထားအပ်ပါတယ်ဘုရား။

ပြင်သစ်မှ ဒကာတစ်ဦးက လွန်ခဲ့သော (၂)နှစ်က မဲဆောက်မြို့ Wat Aran Ya Khet ကျောင်းတွင် သီတင်းသုံးနေထိုင်သော ဦးဇင်း ငြိမ်းချမ်း (သို့မဟုတ်) ဦးသုန် အားဖူးတွေ့လိုပါကြောင်း အကြောင်းကြားလာပါတယ်ဘုရား။ ထိုအချိန်က ထိုဘုန်းဘုန်း သို့မဟုတ် ဦးဇင်းသည် ကျန်းမာရေးတော်တော် ဆိုးဝါးနေပါသည်ဟု ပြောပါတယ်။ အဆင်ပြေမယ်ဆိုရင် သတင်းအစအနလေးများ ရလိုရငြား သိရအောင် တောင်းပန်လျှောက်ထားပါတယ်ဘုရား။

ရိုသေစွာရှိခိုးဦးတင်လျှက်
ခရစ္စတလ်

အထက်ပါ အကြောင်းအရာ ကိစ္စနှင့်ပတ်သက်၍ ကာယကံရှင်ကိုယ်တိုင်ဖြစ်စေ၊ အခြားအဆက်အသွယ်ရှိသူ တစ်ဦးတစ်ယောက်ယောက်က ဖြစ်စေ ဆက်သွယ်အကြောင်းကြားပေးစေချင်ပါသည်၊

ဆက်သွယ်ရန် ဖုန်း- ၀၈၅ ၁၂၃ ၅၀၅၄၊၊

ဆက်ဖတ်ရန်.

ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်ကြပါစေ။

"အို ကာလာမတို့-

(၁)တဆင့်စကား အဆင့်ဆင့်ကြားရသည်တို့အပေါ်မှာလည်း အပြီးသတ် ဆုံးဖြတ်ချက်မချကြကုန်နှင့်။

(၂) သင်တို့အထက်က ဘိုးဘေးဘီဘင် အစဉ်အဆက်လာ ဓလေ့ထုံးတမ်းများကိုလည်း
အဆုံးသတ် အားကိုးပြီး အဟုတ်မှတ်၍ မကျင့်သုံးကြကုန်နှင့်။

(၃)အခြေအမြစ်မပါသည့် သူပြောငါပြော ကောလာဟလ စကားတို့ကိုလည်း လက်ခံမမှားကြကုန်နှင့်။

(၄)ဘာသာရေးကျမ်းစာတို့၏ အရှိန်ဩဇာအောက်မှာလည်း နစ်မြုပ်၍မနေကြကုန်နှင့်။

(၅) အကျင့်နှင့် အသိမပါ တက္ကီဝါဒီတို့၏ အတွေးအခေါ်များကိုလည်း ဟုတ်ပြီ မှန်ပြီဟု အတည်မယူကြကုန်နှင့်။

(၆)အခြားအခြားသောလူတို့ အခြားအခြားသော အယူဝါဒတို့ထံမှ ပုံတူကူး၍ ကျင့်သုံးခြင်းသည်လည်း မိမိတို့ ဘဝနှင့် အပ်စပ်လိမ့်မည်ဟု အတည်တကျ မယူကြကုန်နှင့်။

(၇) မိမိတို့အတွေးအခေါ် အယူအဆကို မိမိတို့၏ အတွေးဖြင့်သာလျှင် အကြောင်းယုတ္တိပေး၍ တင်ပြနိုင်ရုံမျှဖြင့် ကိုယ့်အတွေး ကိုယ့်ယုတ္တိ ဟုတ်ပြီဟု မယူကြကုန်နှင့်။

(၈)ဆရာတစ်ယောက်ယောက် လာရောက်ဟောပြောချက်သည် မိမိတွေးထင်ထားသည်နှင့် ကိုက်ညီသွားပြီဆို ရုံမျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု မယူဆကြကုန်နှင့်။

(၉) လေးစားထိုက်သော လောကကဂရုပြုနေသည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ဝါဒသည် ဖြစ်နိုင်ဖွယ်ရှိသည်ဟူ၍လည်း တစ်ထစ်ချ မယူကြကုန်နှင့်။

(၁၀) မိမိတို့ ဆည်းကပ်ကိုးကွယ်သော ဆရာတို့၏ စကားတိုင်းသည်လည်း ဟုတ်ပြီမှန်ပြီ အကျိုးရှိပြီဟု အပြီးသတ် မမှတ်ယူကြကုန်နှင့်။
ဟူ၍ ဘုရားရှင် မိန့်မှာတော်မူခဲ့သည်ကို သတိမူကြလျှက်=

ဤဘလော့၌ ရွာဦးကျောင်းဆရာတော် ဤကဲ့သို့ ဖြေကြားထားသည်ဟူ၍လည်း ဟုတ်လှပြီဟု အပြီးသတ် မမှတ်ယူကြစေချင်ပါ။


  © Blogger templates Palm by Ourblogtemplates.com 2008

Back to TOP