မနောကံနှင့် အေးမြ

မေး။ ။ အေးမြ: ဘုန်းဘုန်း-ထိန်းရခက်သော မနောကံကို ဘာနှင့် နိုင်နင်းအောင် ထိန်းရပါမလဲဘုရား။


ဖြေ။ ။
ဇလေန ဇာယတေ ပင်္ကံ၊ ဇလေနေဝ ဝိသုဇ္ဈတိ။ စိတ္တေန ဇာယတေ သောကော၊ စိတ္တေနေဝ ဝိသုဇ္ဈတိ။ ဟူ၍ ပါဋ္ဌိအဆုံးအမ လာရှိသောကြောင့် ရေကြောင့်ဖြစ်သော ညွံကို ရေနဲ့ ဆေးမှ သန့်ရှင်းသကဲ့ သို့ ၊ စိတ်ကြောင့်ဖြစ်သော မနောကံ အကုသိုလ်ကိုလည်း စိတ်ဖြင့်သာလျှင် ထိန်းသိမ်းရသည်ဟုမှတ်ပါ။

ဆက်ဖတ်ရန်.

ဘေသဇ္ဖဒါန နိုးဆော်လွှာ



မြန်မာနိုင်ငံမှ လာရောက်ပြီး ဘန်ကောက်မြို့ အုန်းယိုင် အထည်ချုပ် စက်ရုံတွင် အလုပ် လုပ်ကိုင်နေသော မဝါဝါ သည်၊ ၃-၁-၂၀၁၀၊ နေ့က မတော်တဆ ဆိုင်ကယ်တိုက်မိသဖြင့်၊ ပြင်းထန်စွာ ဒါဏ်ရာရှိကာ၊ မဟာချိုင်ရှိ စမူစခွန် ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တက်ရောက် ဆေးကုသ လျှက်ရှိကြောင်းသိရှိရပါသဖြင့်၊ ဝပ်တလုမ်ကျောင်းတိုက်မှ မြန်မာ ရဟန်းတော်များနှင့် အခြားသော စေတနာရှင်များမှ ဘေသဇ္ဇဒါနအဖြစ် ဆေးဖိုးဝါးခ အလှူတော်ငွေ ၁၅၁၅၀ ဘတ်တိတိကို လူနာ၏ ခင်ပွန်းဖြစ်သူ မောင်ထွန်းထွန်းဝင်း နှင့် ဆက်သွယ်ကာ လှူဒါန်းလိုက်ကြကြောင်း သိရှိရပါသည်။

မှတ်ချက်။ ။ အတွင်းလူနာအဖြစ် တက်ရောက်ဆေးကုသခံယူနေသူ မဝါဝါသည် ဘတ်မရှိသေးသူဖြစ်၍ ဆေးရုံ၏ အခွင့်အရေးကိုမရရှိပါသဖြင့် ၄င်း၏ သူဌေးမှလည်း ကုန်ကျငွေ၏ ၂၅ ရာခိုင်နုန်းကို တာဝန်ယူသွားမည်ဖြစ်ကြောင်းနှင့်၊ သူ၏ စက်ရုံအမည်ကိုလည်း သတင်းများ၌ ဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံခဲ့ပါသည်၊ အသေးစိပ်အချက်အလက်များကို သိလိုပါက အောက်ပါ လူနာရှင်၏ ခင်ပွန်းဖြစ်သူ မောင်ထွန်းထွန်းဝင်း နှင့် ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း။

လူနာရှင်= မောင်ထွန်းထွန်းဝင်း။ ။ ဖုန်း=၀၈၃ ၆၂၈ ၅၃၉၆၊ခေတ္တ၊ စမူစခွန်ဆေးရုံကြီး မဟာချိုင်မြို့၊ သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
စေတနာရှင်များအနေဖြင့် ဘေသဇ္ဇဒါန အဖြစ်လှူဒါန်းလိုပါက မောင်ထွန်းထွန်းဝင်း နှင့် ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း နိုးဆော်လိုက်ပါသည်။

ဆက်ဖတ်ရန်.

ကံသုံးပါး နှင့် အေးမြ၏ မေးမြန်းချက်။

မေး။ ။ အေးမြ: ကံသုံးပါးတို့တွင် မည်သည့်ကံကို ထိန်းရခက်ပါသလဲဘုရား။ ဘာကြောင့် ထိန်းရခက်တာပါလဲဘုရား။
ဖြေ။ ။ ကိုယ့်ဖြင့်ပြုလုပ်သော ကာယကံ၊ နုတ်ဖြင့်ပြောဆိုသော ဝစီကံ၊ စိတ်ဖြင့်ကြံစည်သော မနောကံ-ဟူ၍ ကံသုံးပါးတို့တွင်၊ မနောကံသည် ပြုလည်းပြုလွယ်၍ ထိန်းသိမ်းရလည်း အလွန်ပင်ခက်ခဲပါသည်။ အဘယ်ကြောင့်ဟူမူကား= စိတ်သည် လက်ဖျစ်တစ်ချက် အတွင်း မြောက်များစွားသော ကြံစည်းတွေးတိုးမှူများကိုလုပ်ဆောင်နိုင်သည်၊ ကမ္ဘာကိုလည်းပတ်နိုင်သည်၊ မည့်သည်အလုပ်ကိစ္စကိုမဆို စိတ်သည်သာလျှင် အရင်းခံဖြစ်သည်အားလျှော်စွာ၊ ထိန်းသိမ်းရ အခက်ဆုံးသော ကံတစ်ခုဖြစ်လေသည်။ ၄င်း မနောကံကို ထိန်းသိမ်းနိုင်လျှင်၊ ကာယကံနှင့် ဝစီကံကိုလည်း ထိန်းသိမ်းပြီးဖြစ်လေသည်။
စိတ္တေန နီယတေ လောကော- လောကကြီးကို စိတ်ကသာလျှင် ဦးဆောင်လေသည်။

ဆက်ဖတ်ရန်.

SI SI ၏ မေးမြန်းချက်အား ပြန်လည်ဖြေကြားလိုက်ပါသည်း

မေး။ ။ si si: ဘယ်လို အကြောင်းအရာမျိုးတွေ လုပ်မိပြောမိရင် ၀ဋ်လိုက်တတ်ပါသလဲ သူငယ်ချင်း တစ်ယောက်ဟာ သူ့ကောင်လေးနဲ့ လက်မထပ်ရသေးဘဲ တူတူသွားနေမလို့ လုပ်တာကို အမျိုးမျိုး ပြောဆို တားမြစ်မိပါတယ်။ ဒါပေမယ့်မရပါဘူး။ ပြောပြီးမှ လန့်သွားတာက တပည့်တော်မနဲ့ တပည့်တော်မ ကောင်လေးရဲ့ ကြားမှာ သွေးထိုး အနှောက်အယှက်တွေ ၀င်လာမှာစိုးမိတာပါ။ ဆိုလိုတာ သူ့လို သွားနေတာမျိုး မဟုတ်ပါဘူး သူများကို မနေဖြစ်အောင် ပြောမိတဲ့အတွက် ကိုယ်နဲ့ ကိုယ့်ချစ်သူကြားမှာလဲ အနှောက်အယှက် ၀င်ပြီး ၀ဋ်လိုက်တတ်ပါသလားလို့ ။

ဖြေ။ ။ လူတစ်ဦးတစ်ယောက်၏ ပျော့ကွက် ဟာကွက်ကို ထုတ်ဖော် ပြောဆိုပြီး အနိုင်ယူမိလျှင် ဝဋ်လိုက်တတ်သည် ဟူ၍ အလွယ်အားဖြင့် မှတ်ထားသင့်ပါသည်။ ပြုပြင်စေလိုသော စေတနာဖြင့် လမ်းညွန်ပြလျှင်ကား ဝဋ်လိုက်နိုင်စရာ အကြောင်းမရှိပေ။ မိမိ၏ ပြုပြင်စေလိုသော စေတနာဖြင့် တားမြစ်ပိတ်ပင် ခြင်းကို တစ်ဖက်လူက အထင်မှားပြီး၊ မိမိနှင့် မိမိ၏ ချစ်သူတို့ကြားမှာ မလိုလားအပ်သော ကြားစကားများ ဝင်လာနိုင်ပါသည်။ သို့သော် မိမိမှာမူ ကောင်းစေလိုသော စေတနာနှင့် ပြောဆိုသည်ဖြစ်၍၊ သံသရာအတွက် ဝဋ်မလိုက်နိုင်ပေ။

ဆက်ဖတ်ရန်.

အေးမြ၏ မေးမြန်းချက်အား ပြန်လည်ဖြေကြားလိုက်ပါသည်။

မေး။ ။ အေးမြ: ဘုန်းဘုန်းတို့ဘုရား-ရဟန်းဟု အဘယ်ကြောင့် ခေါ်ဆိုထိုက်ပါသနည်း။ ရဟန်းတရားတော်နဲ့ အညီ နေထိုင်ကျင့်ကြံနေနိုင်ပါလျှင်လည်း လူကိုရော ရဟန်းခေါ်ဆိုထိုက်သည်ဟု ကြားဖူးနားဝရှိပါသောကြောင့် မေးလျှောက်ထားရခြင်းဖြစ်ရပါသည်ဘုရား၊
သူတော်ကောင်းတရားတို့နင့်အညီ နေထိုင်ခြင်းကိုပါ ရှင်းပြပေးပါရန် လျှောက်ထားလိုက်ရပါတယ်ဘုရား။
ဘုန်းဘုန်းတို့အားလုံးကို လေးမြတ်စွာ ဦးချကန်တော့အပ်ပါတယ်ဘုရား။

ဖြေ။ ။ ကျင့်ဆဲဖြစ်သော ရဟန်း၊
ကျင့်ပြီးသော ရဟန်း၊
ကျင့်ဆဲကျင့်ပြီး မဟုတ်သော ရဟန်း၊ ဟူ၍ ရဟန်း အမျိုးမျိုးရှိလေသည်၊ တစ်ချို့သော ပါဠိတော်များ၌ကား ရဟန်းဟု ခေါ်ဝေါ် ပညတ်ခြင်းကြောင့် ရဟန်း၊ ဆွမ်းခံစားလေ့ရှိသော သဘောကြောင့် ရဟန်း၊ အကုသိုလ် အယုတ်တရားတို့ကို ဖျက်ဆီးတတ်သောကြောင့် ရဟန်း၊
အကုသိုလ် အယုတ်တရားတို့ကို ဖျက်ဆီးပြီးသောကြောင့် ရဟန်း၊ အဆင့်ဆင့်အားဖြင့် ကိလေသာတို့ကို ပယ်တတ်သောကြောင့် ရဟန်း၊
တစ်ပြိုင်နက်အားဖြင့် ကိလေသာတို့ကို ပယ်တတ်သောကြောင့် ရဟန်း၊ဟူ၍ အဓိပ္ပါယ် ဖွင့်ဆိုကြလေသည်။ မည်သို့ပင် ဖွင့်ဆိုသည်ဖြစ်စေ ရဟန်းဆိုသည်မှာ ‘‘ဉတ္တိစတုတ္တကမ္မဝါစာ” ဖြင့် မြတ်စွာဘုရား၏ အဆုံးအမနှင့်အညီး ညီညွတ်သော သံဃာထုက ဆုံဖြတ်၍သမုတ်ပေးလိုက်သော ပုဂ္ဂိုလ်ကို ရဟန်းဟုခေါ်လေသည်။
လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သည် မည်မျှပင် ရဟန်းတရားနဲ့ ညီအောင်နေစေကာမူ အထက်က ဖော်ပြခဲ့သော‘‘ဉတ္တိစတုတ္တကမ္မဝါစာ” ဖြင့် ရဟန်းခံမပေးပါက ရဟန်းဟူ၍ မခေါ်နိုင်ဟု မှတ်ပါ။ သို့သော= လူဝတ်ကြောင်ဖြင့်ပင်လျှင် ကျင့်ကျန်အားထုတ်၍ ရဟန္တာဖြစ်နိုင်ပါသည်၊ မြတ်စွာဘုရား၏ ဖခမည်းတော်သည်လည်း လူဝတ်ကြောင်နဲ့ ပင် ရဟန္တာဖြစ်သွားလေသည်။ သို့သော် လူဝတ်ကြောင် သုဒ္ဓေါဓန မင်းကြီးအား ရဟန်းဟူ၍ မခေါ်နိုင်ပေ။
သဒ္ဓါ-သီလ-သုတ-စာဂ-ပညာ-ဟိရီ-သြတပ္ပ တည်းဟူုသော သူတော်ကောင်းတရားများနဲ့ ပြည့်စုံလျှင် သူတော်ကောင်းတရားတို့နှင့် အညီနေထိုင်ခြင်း ဖြစ်ပါသည်။
သဒ္ဓါ-ကံ ကံ၏ အကျိုးကိုယုံကြည်ခြင်း။ သီလ-ငါးပါးသီ ရှစ်ပါးသီလ တို့နှင့်ပြ့ည်စုံခြင်း။ သုတ-အကြားအမြင် ဗဟုသုတနှင့်ပြည့်စုံခြင်း။ စာဂ-စွန့်ကြဲပေးကမ်းလှူဒါန်းခြင်းနှင့်ပြည့်စုံခြင်း။ ပညာ- အမြော်အမြင်ဥာဏ်ပညာနှင့်ပြည့်စုံခြင်း။ ဟိရီ-မကောင်းမှူများမှ ရှက်ခြင်း။ သြတပ္ပ-မကောင်းမှူမှ ကြောက်ခြင်း။

ဆက်ဖတ်ရန်.

မောင်စူးစမ်းမေးမြန်းချက်အား ပြန်လည်ဖြေကြားလိုက်ပါသည်။

မေး။ ။ မောင်စူစမ်း:။ ။ အရှင်ဘုရား ပထမသံဃာယနာတင်ရာတွင် ခုဒ္ဒါနုခုဒ္ဒကသိက္ခာပုဒ်များကို ပြင်လိုက ပြင်နိုင်သည်ဟု ဘုရားရှင်ခွင့်ပြုစကားကို အရှင်အာနန္ဒာက သံဃာယနာတင် အရှင်များအား တင်ပြသောအခါ၊ သံဃာယနာတင်အရှင်များ မှ အာနန္ဒာကိုသာ မမေးမိလိုက်၍ အပြစ်တင်ကြပါသည် တကယ်ဆို ငါးရာသောရဟန္တာ ထိပ်တန်းပုဂ္ဂိုလ်များ မသိနိုင်သည်မှာ မောဟ မကင်းသေး၍လား အဘယ်ကြောင့်ပါလဲဘုရား။

ဖြေ။ ။ မောင်စူးစမ်း ဆိုလိုသည်မှာ၊ ခုဒ္ဒါနုခုဒ္ဒက သိက္ခာပုဒ်ဆိုသည်မှာ မည်သည့်သိက္ခာပုဒ်ကို ဆိုလိုပါသနည်းဟု မမေးမိလိုက်သောကြောင့်၊ အပြစ်တင်ခံရသည်ကို ဆိုလိုခြင်းဖြစ်ပါလိမ့်မည်။
ဝိနည်းသိက္ခာပုဒ်များတွင်၊ ပါရာဇိက၊ သံဃာဒိသေသ်၊ ထုလ္လစဉ်း၊ နိဿဂ္ဂိပါစိတ်၊ သုဒ္ဓပါစိတ်၊ ဒုက္ကဋ်၊ ဒုဗ္ဘာသီ ဟူ၍ အာပတ်အမျိုးအစား ၇-မျိုးသတ်မှတ်ပေးထားပါသည်။ ၄င်းအာပတ်များကို ရှောင်ရှားနိုင်ရန် အတွက်၊ သက္ခာပုဒ်ပေါင်း အကျဉ်းအားဖြင့်ရဟန်တော်များအတွက် ၂၂၇ မျိုးရှိပါသည်၊ အကျယ်အားဖြင့်ကား၊ ကုဋေပေါင်း- ကိုးထောင်းတစ်ရာရှစ်ဆယ် နှင့် ငါးသိန်း သုံးသောင်း ခြောက်ထောင်ရှိပါသည်။ ပထမသံဃာသနာတင်ပွဲ၏ ဦးဆောင်ဆရာတော်များမှာ ဝိနည်းသိက္ခာပုဒ်များကို အလွန်ရိုသေလေးစားကြသော ရဟန္တာမထေရ်ကြီးများဖြစ်ကြပါသည်။ ခုဒ္ဒါနုခုဒ္ဒက သိက္ခာပုဒ်များကိုလည်း ၄င်းရဟန္တာမထေရ်များ သိကြပါသည်၊ သို့သော်လည်း ဘုရားရှင်ဟောကြားထားသော သိက္ခာပုဒ်များကို မပယ်လို၍ မပယ်ကြခြင်းသာလျှင် ဖြစ်ပါသည်။ အရှင်အာနန္ဒာကို ကဲရဲ့ကြသည်ဆိုသည်မှာလည်း ဝိနည်းသိက္ခာပုဒ်များကို မလိုက်နာချင်သော ပုထုဇဉ်ရဟန်းများကသာ၊ ကဲ့ရဲ့ပြစ်တင်ကြခြင်းဖြစ်ပါသည်။ ရဟန္တာအရှင်မြတ်ကြီးများ မောဟမကင်းသေးသောကြောင့်မဟုတ်ပါ။ ရဟန္တာမှန်လျှင် မောဟကင်းကြပါသည်။ သို့သော်လည်း ရဟန္တာတိုင်း သူတစ်ပါး၏ စိတ်ကို သိကြသည်မဟုတ်ပါ၊ သုက္ခဝိပဿက ရဟန္တာများမှာ သူတစ်ပါးစိတ်ကို မသိနိုင်ကြသော ပုဂ္ဂိုလ်များဖြစ်ကြပါသည်။ ဥပမာအားဖြင့်- ဓမ္မပဒ တွင်ပါရှိသော စက္ခုပါလ မထေရ်သည် ရဟန္တာပင်ဖြစ်သော်ငြားလည်း မိမိကိုယ်တိုင်ပင်လျင် စက္ခုနစ်ခွင် အလင်းမရရှာပေ။

မှတ်ချက်။ ။ အရှင်အာနန္ဒာကအား ပုထုဇဉ်ရဟန်းများ၏ ကဲ့ရဲ့ခံရခြင်းများမှာ
ခုဒ္ဒါနုခုဒ္ဒက သိက္ခာပုဒ်များကို မရှင်းလင်းခဲ့ခြင်း။
မြတ်စွာဘုရား၏ ရေသနုတ်တော်ကိုနင်း၍ လျှော်ဖွတ်ခြင်း။
အမျိုးသမီးများအား ဘိက္ခူနီမဝတ်ခွင့်ပြုပေးတော်မူရန် ဘုရားရှင်ထံတွင် ခွင့်တောင်းပေးခြင်း ဟုသော အကြောင်းများကြောင့် ပုထုဇဉ်ရဟန်းများ၏ ကဲ့ရဲ့ခြင်းကို ခံခဲ့ရလေသည်။

ဆက်ဖတ်ရန်.

ကပ္ပိကျော်ခေါင် နှင့် ပြောမယုံ ကြုံမှသိ

”ပြောကို မပြောချင်တော့ဘူး ‘‘ဟူသော စကားဖြင့် နိဒါန်းပျိုးလာသောသူသည်ကား၊ တကယ်ပင်လျှင် သူပြောတော့မည်မှာ ဧကန်မုချဖြစ်ပေသည်၊ အလိုက်ကန်းဆိုးမသိပဲ ”မပြောချင်လျှင်လည်း ပြောမနေ ပါနဲ့တော့‘‘ဟု တားမြစ်မိလျှုင်ကား သင်သည် အလွန်လူကဲခပ်ညံ့သူ တစ်ယောက် ဖြစ်သွား ပေလိမ့်မည်။ ယခုလည်းကြည့်..ကပ္ပိယကျော်ခေါင် တစ်ယောက် ”ပြောကို မပြောချင်တော့ဘူုး‘‘ဟူ၍ အစပျိုးပြီးလျှင် သူသိခဲ့ သမျှ ဖြစ်ကြောင်းကုန်စင်ကို အိပ်သွန် ဖာမှောက် အကုန်ပြောနေလေတော့၏၊ ပြောမည်ဆိုလည်း ပြောစရာပင်။
ကပ္ပိယကျော်ခေါင်သည် ကြေးစငွေစလေးများ အနည်းငယ်စုမိထားသဖြင့်၊ ထိုင်းနိုင်ငံဖက်သို့ မတော် တဆ အလည်အပတ်ရောက်ရှိခဲ့ဖူးလေသည်၊ ကပ္ပိယကျော်ခေါင် ထိုင်းနိုင်ငံသို့ရောက်ရှိခဲ့စဉ်က တိုက်တိုက် ဆိုင်ဆိုင် ပင် ပီမိန်(ခေါ်) Happy New Year(ခေါ်) နစ်သစ်နှင့် ကြက်ကန်း ဆန်အိုးတိုး တိုးမိခဲ့လေသည်၊ ကပ္ပိယကျော်ခေါင်သည်ကား ဘုန်းကြီးကျောင်းထွက် ဖြစ်သည်အားလျှော်စွာ၊ ဟိုတယ်တွင် တည်းချင် ခိုချင် သော ဆန္ဒမရှိသဖြင့်၊ ရွာဦးကျောင်းဆရာတော်၏ အဆက်အသွယ် ပေးမှူကြောင့် မြန်မာကျောင်းသား ရဟန်းတော် များ သီတင်းသုံးရာ ဝပ်တလုမ်ကျောင်း၌ တည်းခိုခွင့်ရ လေသည်။
နစ်သစ်အချိန်အခါသည်ကား ထိုင်းနိုင်ငံတွင် ၃/၄ ရက်ခန့် အလုပ်များပိတ်လေ့ရှိသဖြင့်၊ မြန်မာရွေ့ပြောင်း အလုပ်သမားများ၏၊ ဒုရေးသုရေး စသည့် ကိစ္စအဝဝများကို အလုအယက် ပြုလုပ်ရလေသည်၊ ထို့နေ့ကလည်း ဦးဇင်းလေး သုံးပါးကို မင်္ဂလာဆောင်တစ်ခုမှ မင်္ဂလာဆွမ်းစားပင့်ထားသည်ဟု ဆိုကာ၊ နံနှက်ကိုးနာရီခွဲလောက် ကတည်းက သင်္ကန်းများ တစ်ပြင်ပြင်ဖြင့် ကြွရမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်ကို အကျွန်ုပ် ကပ္ပိယကျော်ခေါင် သတိထားမိလေသည်။ သို့သော် ဆယ်နာရီ ထိုးသွားသည့်တိုင်အောင် ကြွသွားခြင်း မရှိသေးပေ၊ ထို့နောက် ဆယ့်တစ်နာရီး ထိုးပြန်ပါလေပြီ၊ ဦးဇင်းလေးများမှာကား ဂနာမငြိမ်နိုင်တော့ပေ၊ သူတို့၏ လက်ကိုင်ဖုန်းလေးများဖြင့် ပွစိပွစိပြောနေသည်ကို တွေ့ရပြန်သည်၊ ခနအကြာတွင် အသင့်ရုံထားသော သင်္ကန်း များကို ပြန်လည်ကာဖြေကြပြီး မိမိတို့နေရာတွင်ပင် ပက်လက်လှန်ကာ စိတ်ပျက်လက်ပျက် အိမ်နေကြလေတော့ သည်၊ ၄င်း အခြင်းအရာကို မြင်သောအခါ ဆားပုလင်းနှင်းမောင်နှင့် စုံထောက်ကြီးဦးစံရှားတင်တို့၏ စုံထောက်ပညာများကို တစ်ဖက်ကမ်းခပ်လေ့လာထားသော အကျွန်ုပ်ကပ္ပိယကျော်ခေါင်သည်လည်း ဝါသနာ အရ မနေနိုင်မထိုင်နိုင်ဖြစ်ကာ သွားရောက် စပ်စုကြည့်မိလေတော့သည်။
အကြောင်းစုံကိုသိရသည်မှာ အောက်ပါအတိုင်း ဖြစ်လေ၏၊ မင်္ဂလာဆောင်ခါနီး ဆဲဆဲတွင်မှ ၄င်းသတိုးသားနဲ့  သဘောမတူနိုင်ဟုဆိုကာ သတိုးသမီးအား သူမ၏ အဒေါ်ဖြစ်သူမှ လာရောက်ခေါ်ဆောင် သွားသောကြောင့် ဖြစ်သည် ဟူ၍ သိရှိရလေတော့သည်။
သွားလေသူ စာရေးဆရာ နှင့် ရုပ်ရှင်ဒါရိတ်တာကြီး ဘဘဦးသုခ သည်သာ အောက်ပါအမည်ကို အကယ်၍ မသုံးစွဲခဲ့ဘူးဆိုလျှင် အကျွန်ုပ်ကပ္ပိကျော်ခေါင် သည်၊ ”ရဟန်း မစားရသော ဆွမ်းတစ်နပ်‘‘ဟူ၍ အမည်တပ်မိ မည်မှာ မြေကြီးလက်ခတ် မလွဲနိုင်တော့သတည်း။

ဆက်ဖတ်ရန်.

ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်ကြပါစေ။

"အို ကာလာမတို့-

(၁)တဆင့်စကား အဆင့်ဆင့်ကြားရသည်တို့အပေါ်မှာလည်း အပြီးသတ် ဆုံးဖြတ်ချက်မချကြကုန်နှင့်။

(၂) သင်တို့အထက်က ဘိုးဘေးဘီဘင် အစဉ်အဆက်လာ ဓလေ့ထုံးတမ်းများကိုလည်း
အဆုံးသတ် အားကိုးပြီး အဟုတ်မှတ်၍ မကျင့်သုံးကြကုန်နှင့်။

(၃)အခြေအမြစ်မပါသည့် သူပြောငါပြော ကောလာဟလ စကားတို့ကိုလည်း လက်ခံမမှားကြကုန်နှင့်။

(၄)ဘာသာရေးကျမ်းစာတို့၏ အရှိန်ဩဇာအောက်မှာလည်း နစ်မြုပ်၍မနေကြကုန်နှင့်။

(၅) အကျင့်နှင့် အသိမပါ တက္ကီဝါဒီတို့၏ အတွေးအခေါ်များကိုလည်း ဟုတ်ပြီ မှန်ပြီဟု အတည်မယူကြကုန်နှင့်။

(၆)အခြားအခြားသောလူတို့ အခြားအခြားသော အယူဝါဒတို့ထံမှ ပုံတူကူး၍ ကျင့်သုံးခြင်းသည်လည်း မိမိတို့ ဘဝနှင့် အပ်စပ်လိမ့်မည်ဟု အတည်တကျ မယူကြကုန်နှင့်။

(၇) မိမိတို့အတွေးအခေါ် အယူအဆကို မိမိတို့၏ အတွေးဖြင့်သာလျှင် အကြောင်းယုတ္တိပေး၍ တင်ပြနိုင်ရုံမျှဖြင့် ကိုယ့်အတွေး ကိုယ့်ယုတ္တိ ဟုတ်ပြီဟု မယူကြကုန်နှင့်။

(၈)ဆရာတစ်ယောက်ယောက် လာရောက်ဟောပြောချက်သည် မိမိတွေးထင်ထားသည်နှင့် ကိုက်ညီသွားပြီဆို ရုံမျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု မယူဆကြကုန်နှင့်။

(၉) လေးစားထိုက်သော လောကကဂရုပြုနေသည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ဝါဒသည် ဖြစ်နိုင်ဖွယ်ရှိသည်ဟူ၍လည်း တစ်ထစ်ချ မယူကြကုန်နှင့်။

(၁၀) မိမိတို့ ဆည်းကပ်ကိုးကွယ်သော ဆရာတို့၏ စကားတိုင်းသည်လည်း ဟုတ်ပြီမှန်ပြီ အကျိုးရှိပြီဟု အပြီးသတ် မမှတ်ယူကြကုန်နှင့်။
ဟူ၍ ဘုရားရှင် မိန့်မှာတော်မူခဲ့သည်ကို သတိမူကြလျှက်=

ဤဘလော့၌ ရွာဦးကျောင်းဆရာတော် ဤကဲ့သို့ ဖြေကြားထားသည်ဟူ၍လည်း ဟုတ်လှပြီဟု အပြီးသတ် မမှတ်ယူကြစေချင်ပါ။


  © Blogger templates Palm by Ourblogtemplates.com 2008

Back to TOP