မောင်စူးစမ်းမေးမြန်းချက်အား ပြန်လည်ဖြေကြားလိုက်ပါသည်။

မေး။ ။ မောင်စူစမ်း:။ ။ အရှင်ဘုရား ပထမသံဃာယနာတင်ရာတွင် ခုဒ္ဒါနုခုဒ္ဒကသိက္ခာပုဒ်များကို ပြင်လိုက ပြင်နိုင်သည်ဟု ဘုရားရှင်ခွင့်ပြုစကားကို အရှင်အာနန္ဒာက သံဃာယနာတင် အရှင်များအား တင်ပြသောအခါ၊ သံဃာယနာတင်အရှင်များ မှ အာနန္ဒာကိုသာ မမေးမိလိုက်၍ အပြစ်တင်ကြပါသည် တကယ်ဆို ငါးရာသောရဟန္တာ ထိပ်တန်းပုဂ္ဂိုလ်များ မသိနိုင်သည်မှာ မောဟ မကင်းသေး၍လား အဘယ်ကြောင့်ပါလဲဘုရား။

ဖြေ။ ။ မောင်စူးစမ်း ဆိုလိုသည်မှာ၊ ခုဒ္ဒါနုခုဒ္ဒက သိက္ခာပုဒ်ဆိုသည်မှာ မည်သည့်သိက္ခာပုဒ်ကို ဆိုလိုပါသနည်းဟု မမေးမိလိုက်သောကြောင့်၊ အပြစ်တင်ခံရသည်ကို ဆိုလိုခြင်းဖြစ်ပါလိမ့်မည်။
ဝိနည်းသိက္ခာပုဒ်များတွင်၊ ပါရာဇိက၊ သံဃာဒိသေသ်၊ ထုလ္လစဉ်း၊ နိဿဂ္ဂိပါစိတ်၊ သုဒ္ဓပါစိတ်၊ ဒုက္ကဋ်၊ ဒုဗ္ဘာသီ ဟူ၍ အာပတ်အမျိုးအစား ၇-မျိုးသတ်မှတ်ပေးထားပါသည်။ ၄င်းအာပတ်များကို ရှောင်ရှားနိုင်ရန် အတွက်၊ သက္ခာပုဒ်ပေါင်း အကျဉ်းအားဖြင့်ရဟန်တော်များအတွက် ၂၂၇ မျိုးရှိပါသည်၊ အကျယ်အားဖြင့်ကား၊ ကုဋေပေါင်း- ကိုးထောင်းတစ်ရာရှစ်ဆယ် နှင့် ငါးသိန်း သုံးသောင်း ခြောက်ထောင်ရှိပါသည်။ ပထမသံဃာသနာတင်ပွဲ၏ ဦးဆောင်ဆရာတော်များမှာ ဝိနည်းသိက္ခာပုဒ်များကို အလွန်ရိုသေလေးစားကြသော ရဟန္တာမထေရ်ကြီးများဖြစ်ကြပါသည်။ ခုဒ္ဒါနုခုဒ္ဒက သိက္ခာပုဒ်များကိုလည်း ၄င်းရဟန္တာမထေရ်များ သိကြပါသည်၊ သို့သော်လည်း ဘုရားရှင်ဟောကြားထားသော သိက္ခာပုဒ်များကို မပယ်လို၍ မပယ်ကြခြင်းသာလျှင် ဖြစ်ပါသည်။ အရှင်အာနန္ဒာကို ကဲရဲ့ကြသည်ဆိုသည်မှာလည်း ဝိနည်းသိက္ခာပုဒ်များကို မလိုက်နာချင်သော ပုထုဇဉ်ရဟန်းများကသာ၊ ကဲ့ရဲ့ပြစ်တင်ကြခြင်းဖြစ်ပါသည်။ ရဟန္တာအရှင်မြတ်ကြီးများ မောဟမကင်းသေးသောကြောင့်မဟုတ်ပါ။ ရဟန္တာမှန်လျှင် မောဟကင်းကြပါသည်။ သို့သော်လည်း ရဟန္တာတိုင်း သူတစ်ပါး၏ စိတ်ကို သိကြသည်မဟုတ်ပါ၊ သုက္ခဝိပဿက ရဟန္တာများမှာ သူတစ်ပါးစိတ်ကို မသိနိုင်ကြသော ပုဂ္ဂိုလ်များဖြစ်ကြပါသည်။ ဥပမာအားဖြင့်- ဓမ္မပဒ တွင်ပါရှိသော စက္ခုပါလ မထေရ်သည် ရဟန္တာပင်ဖြစ်သော်ငြားလည်း မိမိကိုယ်တိုင်ပင်လျင် စက္ခုနစ်ခွင် အလင်းမရရှာပေ။

မှတ်ချက်။ ။ အရှင်အာနန္ဒာကအား ပုထုဇဉ်ရဟန်းများ၏ ကဲ့ရဲ့ခံရခြင်းများမှာ
ခုဒ္ဒါနုခုဒ္ဒက သိက္ခာပုဒ်များကို မရှင်းလင်းခဲ့ခြင်း။
မြတ်စွာဘုရား၏ ရေသနုတ်တော်ကိုနင်း၍ လျှော်ဖွတ်ခြင်း။
အမျိုးသမီးများအား ဘိက္ခူနီမဝတ်ခွင့်ပြုပေးတော်မူရန် ဘုရားရှင်ထံတွင် ခွင့်တောင်းပေးခြင်း ဟုသော အကြောင်းများကြောင့် ပုထုဇဉ်ရဟန်းများ၏ ကဲ့ရဲ့ခြင်းကို ခံခဲ့ရလေသည်။

0 Comments:

ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်ကြပါစေ။

"အို ကာလမတို့-

(၁)တဆင့်စကား အဆင့်ဆင့်ကြားရသည်တို့အပေါ်မှာလည်း အပြီးသတ် ဆုံးဖြတ်ချက်မချကြကုန်နှင့်။

(၂) သင်တို့အထက်က ဘိုးဘေးဘီဘင် အစဉ်အဆက်လာ ဓလေ့ထုံးတမ်းများကိုလည်း
အဆုံးသတ် အားကိုးပြီး အဟုတ်မှတ်၍ မကျင့်သုံးကြကုန်နှင့်။

(၃)အခြေအမြစ်မပါသည့် သူပြောငါပြော ကောလာဟလ စကားတို့ကိုလည်း လက်ခံမမှားကြကုန်နှင့်။

(၄)ဘာသာရေးကျမ်းစာတို့၏ အရှိန်ဩဇာအောက်မှာလည်း နစ်မြုပ်၍မနေကြကုန်နှင့်။

(၅) အကျင့်နှင့် အသိမပါ တက္ကီဝါဒီတို့၏ အတွေးအခေါ်များကိုလည်း ဟုတ်ပြီ မှန်ပြီဟု အတည်မယူကြကုန်နှင့်။

(၆)အခြားအခြားသောလူတို့ အခြားအခြားသော အယူဝါဒတို့ထံမှ ပုံတူကူး၍ ကျင့်သုံးခြင်းသည်လည်း မိမိတို့ ဘဝနှင့် အပ်စပ်လိမ့်မည်ဟု အတည်တကျ မယူကြကုန်နှင့်။

(၇) မိမိတို့အတွေးအခေါ် အယူအဆကို မိမိတို့၏ အတွေးဖြင့်သာလျှင် အကြောင်းယုတ္တိပေး၍ တင်ပြနိုင်ရုံမျှဖြင့် ကိုယ့်အတွေး ကိုယ့်ယုတ္တိ ဟုတ်ပြီဟု မယူကြကုန်နှင့်။

(၈)ဆရာတစ်ယောက်ယောက် လာရောက်ဟောပြောချက်သည် မိမိတွေးထင်ထားသည်နှင့် ကိုက်ညီသွားပြီဆို ရုံမျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု မယူဆကြကုန်နှင့်။

(၉) လေးစားထိုက်သော လောကကဂရုပြုနေသည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ဝါဒသည် ဖြစ်နိုင်ဖွယ်ရှိသည်ဟူ၍လည်း တစ်ထစ်ချ မယူကြကုန်နှင့်။

(၁၀) မိမိတို့ ဆည်းကပ်ကိုးကွယ်သော ဆရာတို့၏ စကားတိုင်းသည်လည်း ဟုတ်ပြီမှန်ပြီ အကျိုးရှိပြီဟု အပြီးသတ် မမှတ်ယူကြကုန်နှင့်။
ဟူ၍ ဘုရားရှင် မိန့်မှာတော်မူခဲ့သည်ကို သတိမူကြလျှက်=

ဤဘလော့၌ ရွာဦးကျောင်းဆရာတော် ဤကဲ့သို့ ဖြေကြားထားသည်ဟူ၍လည်း ဟုတ်လှပြီဟု အပြီးသတ် မမှတ်ယူကြစေချင်ပါ။


  © Blogger templates Palm by Ourblogtemplates.com 2008

Back to TOP