ဖိုးသား၏ မေးမြန်းချက်နှင့် သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ အဖြေ။

ဘုန်းဘုန်း မင်္ဂလာပါ.. သိချင်တဲ့ ဦးဇင်းတစ်ပါးက တစ်ဆင့် မေးလျှောက်ခိုင်းလို့ မေးခွန်းလေးတွေ ပို့လိုက်ပါတယ် ဘုရား..
မေး။ ။ ၁။ သမ္မာဒိဋ္ဌိ ငါးမျိုးအနက် ၀ိပဿနာ သမ္မာဒိဋ္ဌိ အကြောင်းပါ ဘုန်းဘုန်း။ ၀ိပဿနာ သမ္မာဒိဋ္ဌိနဲ့ ပတ်သတ်ပြီး အဋ္ဌကထာ ဆရာက ခုလို ပြောထားတယ်လို့ ဆိုတယ် ဘုရား..။
ဝိပဿနာ သမ္မာဒိဋ္ဌိ ရှိသူဟာ ဒီဘ၀မှာ အရဟတ္တဖိုလ်ကို ရရင်ရ၊ မရရင် ခုနစ်ဘ၀မြောက်မှာ အရိယာမဂ်ကို ရတယ်..။

ဒါသည်လည်း အဋ္ဌကထာ ဆရာ၏ အာဘော်တော့ မဟုတ်၊ တိပိဋက စူဠာဘယထေရ်ရဲ့ စကားကို ပြထားတယ် လို့ ဆိုတယ် ဘုန်းဘုန်း။
အဲဒီမှာ ဒီဦးဇင်းအနေနဲ့ သိချင်တာက *၀ိပဿနာ သမ္မာဒိဋ္ဌိ ရှိရင် ဒီဘ၀မှာ အရိယာမဂ်ကို ရရင်ရ၊ မရရင် ခုနစ်ဘ၀မြောက်မှာ ရတယ်* ဆိုတော့ ခုခေတ် လူတွေရနေတဲ့ ၀ိပဿနာ သမ္မာဒိဋ္ဌိကို ပြောတာလား၊ ဒါမှမဟုတ် ဘယ်လို ၀ိပဿနာ သမ္မာဒိဋ္ဌိမျိုး၊
ဘယ်လောက် အဆင့်အတန်းရှိတဲ့ သမ္မာဒိဋ္ဌိမျိုးကို ဆိုလိုတာပါလဲ.. တဲ့ ဘုရား.. ဒီဦးဇင်း အနေနဲ့ ဖတ်ရှုတွေ့ရှိတဲ့ စာအုပ်က အင်္ဂုတ္ထိုရ် အဋ္ဌကထာနဲ့ ဋီကာ၊ ပဌမအုပ်တွေမှာပဲ ဖြစ်လိမ့်မယ် လို့ မိန့်ပါတယ် ဘုန်းဘုန်း..။

ဖြေ။ ။ အခုခေတ်လူသားများရနေတဲ့  ၀ိပဿနာ သမ္မာဒိဋ္ဌိဆိုရာ၌ ၄င်းသမ္မာဒိဋ္ဌိကို ရရှိထားသော လူသားသည် အဘယ့်အဆင့်ရှိသနည်း ဆိုသည်ကို သိဖို့လိုအပ်လှပေသည်။

(ဥပမာ) ရွာဦးကျောင်းဆရာတော် သိသော သမ္မာဒိဋ္ဌိမျိုးဆိုပါက အဘယ်မျှ သံသရာလည်ရအုံးမည် ဆိုသည်ကို မသိနိုင်သေးပေ။

တိပိဋက စူဠာဘယထေရ်သည် သတ္တက္ခတ္တုပရမသောတာပန်-ကိုရည်ရွယ်၍ ပြောကြားထားခြင်း ဖြစ်ပေလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် ၄င်း သတ္တက္ခတ္တု ပရမသောတာပန်-သည်၊ ၇ ကြိမ် ပဋိသန္ဓေနေပြီး နိဗ္ဗာန်ဝင်မည် သောတာပန်၊ ဖြစ်လေသည်၊ ထိုကြောင့်- ၄င်း သောပန်များ ရရှိထားသော ၀ိပဿနာ သမ္မာဒိဋ္ဌိမျိုးကို ဆိုလိုသည်ဟု မှတ်ပါလေ။

မေး။ ။ ၂။ ဒုတိယ မေးခွန်းက သမ္မာသင်္ကပ္ပနဲ့ ပတ်သတ်တဲ့ အကြောင်းပါ ဘုရား..။
သမ္မာသင်္ကပ္ပ ဆိုတာ အဘိဓမ္မာမှာ ၀ိတက် စေတသိက်ကို အရကောက်တယ်၊ အဲဒီ ၀ိတက်က ဗြဟ္မာ့ဘုံတွေမှာ ဆိုရင် ပဌမဈာန် ဘုံတွေမှာပဲ ရနိုင်တယ်၊ အထက်အထက် ဗြဟ္မာဘုံတွေမှာ ၀ိတက် မရှိဘူးလို့ စာမှာ ဆိုထားတော့၊

ဝိတက်မရှိတဲ့ အဲဒီ အထက်အထက် ဗြဟ္မာဘုံတွေမှာ သစ္စာလေးပါးကို ထိုးထွင်း သိဖို့အတွက် သမ္မာသင်္ကပ္ပ မဂ္ဂင်လို့ ခေါ်တဲ့ ၀ိတက် မရှိနိုင်တဲ့အတွက် မဂ္ဂင် ခုနစ်ပါးတည်းနဲ့ အလုပ်လုပ်နေရတော့မယ်၊

အဲဒါကြောင့် အဲဒီ ဘုံတွေမှာ သမ္မာသင်္ကပ္ပ မဂ္ဂင်ကို ဘယ်လိုယူပါသလဲ၊ ဘယ်လိုပုံစံနဲ့ ပါဝင်နေပါသလဲ၊ သမ္မာသင်္ကပ္ပ မရှိနိုင်တဲ့ အတွက် မဂ္ဂင် ခုနစ်ပါးတည်းနဲ့ အလုပ်လုပ်လို့ ရနိုင်တယ်လို့ ပြောလို့ ရမလားဆိုတာကို ဒီဦးဇင်း အနေနဲ့ စာပေလေ့လာရင်း ဝေခွဲမရလို့ တပည့်တော်ကို တဆင့် မေးလျှောက်ခိုင်းပါတယ် ဘုရား..။

ဖြေ။ ။ အထက်ထက် ဘုံများ၌ ဝိတက်မရှိသဖြင့် သမ္မာသင်္ကပ္ပမင်္ဂင် မရှိသည်မှာ မှန်ပေသည်၊

ဒုတိယဇ္ဈာနတော ဝုဋ္ဌာယ ဝိပဿန္တဿ ဥပ္ပန္နော မဂ္ဂေါ ဒုတိယဇ္ဈာနိကော ဟောတိ၊ မဂ္ဂဂ္ဂင်္ါနိ ပနေတ္ထ သတ္တ ဟောန္တိ။ ဟု ပါဠိတော်များ ရှိပါသည်၊

မေးခွန်းရှင်သည် စာပေသင်ကြားနေသော ရဟန်းတော် တစ်ပါးဖြစ်သည်ဟု သိရပါသဖြင့်၊ အောက်ပါ မာတိကာ အဆိုကို အနည်းငယ် ပြန်၍ နွှေးပြချင်ပါသည်။

ဝိတက်ရှိသော ဈာန်စိတ်နှင့် ဝိတက်မရှိသော ဈာန်စိတ်များကို ကွဲပြားစေခြင်းအကျိုးငှါ ငယ်စဉ်က ဆိုခဲ့ဖူးကြပါသည်၊ ( သောတာပတ္တိမဂ် ရှစ်ပါး ခုနစ်ပါး၊ သကာဒါဂါမိမဂ် ရှစ်ပါး ခုနစ်ပါး…….စသည်ဖြင့် ဆိုခဲ့ဖူးကြလေသည်) သောတာပတ္တိမဂ် ရှစ်ပါးဟူသည် ဝိတက်ပါဝင်သော မဂ္ဂင်ရှစ်ပါး ဖြစ်ပါသည်၊ ခုနစ်ပါး ဆိုသည်မှာကား ဝိတက် မပါတော့သည်ဖြစ်၍ မဂ္ဂင် ခုနစ်ပါးသား ရှိပါတော့သည်။

ထို့ကြောင့် ဝိတက်ဟုဆိုသော သမ္မာသင်္ကပ္ပမဂ္ဂင် မရှိသော်လည်း အထက်အထက် လောကုတ္တရာ တရားများကို မဂ္ဂင် ခုနစ်ပါးဖြင့် ကြိုးစားအားထုပ်၍ ရသည်သာ။

ဥပမာအားဖြင့်= ဘတ်စ်ကားဖြင့် ခရီးသွားသော ခရီးသည်တစ်ယောက်သည် ဂိတ်စ ဂိတ်ဆုံး စီးပါက ကျသင့်ငွေကို အပြည့်ပေးရသော်လည်း ခရီးတစ်ဝက်မှ ဖြတ်၍စီးသော ခရီးသည်မှာမူ၊ အပြည့်ပေးစရာ မလိုသကဲ့သို့ ဖြစ်ပေလိမ့်မည်။

အထက်အထက်သော ပုဂ္ဂိုလ်များ အောက်အောက် ဖြစ်သော တရားများ ကျင့်ကျန်ပွားများ အားထုပ်ထားပြီးဖြစ်၍ အချိန်မရွေး ပြန်လည် အာရုံပြု၍ ရသည်ဟူ၍လည်း မှတ်ထားစေချင်ပါသည်။

မှတ်ချက်။ ။ ဈာန်-သမာပတ်-အဘိညာဉ်တို့ကို ရရှိသော အရိယာပုဂ္ဂိုလ် သုံးမျိုးသုံးစား ရှိသည်ဟု မှတ်သားဖူးပါသည်။ ၄င်းသုံးမျိုးမှာ-

(က) အရိယမဂ်ဖိုလ်ကို ရပြီးမှ သမထကမ္မဋ္ဌာန်းကို စီးဖြန်းအားထုတ်သဖြင့် လောကီဈာန်သမာပတ် အဘိညာဉ်တို့ကို ရကြသော အရိယာပုဂ္ဂိုလ်များ။

(ခ) ပုထုဇဉ်ဘဝကပင် လောကီဈာန်သမာပတ် အဘိညာဉ် တို့ကို ရရှိခဲ့ပြီးနောက် အရိယာဖြစ်သော ပုဂ္ဂိုလ်။

(ဂ) ပုထုဇဉ်အခိုက်က လောကီဈာန်သမာပတ် အဘိညာဉ်တို့ကို မရရှိခဲ့ကြသော်လည်း လောကုတ္တရာ အရိယာမဂ်ဖိုလ်သို့ ရောက်သည် နှင့် တပြိုင်နက် ဈာန်အဘိညာဉ်တို့ကို ရရှိသော ပုဂ္ဂိုလ်။

ဤမေးခွန်းများအား ဤမျှနှင့် ကျေနပ်မနေပဲ ကျမ်းတတ်အကျော် ဆရာတော်တို့အားလည်း မေးလျှောက် ကြည့်စေချင်ပါသည်။

ယခုထက် တိကျသော အဖြေကို ရရှိပါကလည်း ပြန်လည် အကြောင်းကြား ပေးစေချင်ပါသည်။

သင်ရင်းနှင့်ကျင့် ကျင့်ရင်းနှင့် သင်ကြားနိုင်ကြပါစေ။

0 Comments:

ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်ကြပါစေ။

"အို ကာလမတို့-

(၁)တဆင့်စကား အဆင့်ဆင့်ကြားရသည်တို့အပေါ်မှာလည်း အပြီးသတ် ဆုံးဖြတ်ချက်မချကြကုန်နှင့်။

(၂) သင်တို့အထက်က ဘိုးဘေးဘီဘင် အစဉ်အဆက်လာ ဓလေ့ထုံးတမ်းများကိုလည်း
အဆုံးသတ် အားကိုးပြီး အဟုတ်မှတ်၍ မကျင့်သုံးကြကုန်နှင့်။

(၃)အခြေအမြစ်မပါသည့် သူပြောငါပြော ကောလာဟလ စကားတို့ကိုလည်း လက်ခံမမှားကြကုန်နှင့်။

(၄)ဘာသာရေးကျမ်းစာတို့၏ အရှိန်ဩဇာအောက်မှာလည်း နစ်မြုပ်၍မနေကြကုန်နှင့်။

(၅) အကျင့်နှင့် အသိမပါ တက္ကီဝါဒီတို့၏ အတွေးအခေါ်များကိုလည်း ဟုတ်ပြီ မှန်ပြီဟု အတည်မယူကြကုန်နှင့်။

(၆)အခြားအခြားသောလူတို့ အခြားအခြားသော အယူဝါဒတို့ထံမှ ပုံတူကူး၍ ကျင့်သုံးခြင်းသည်လည်း မိမိတို့ ဘဝနှင့် အပ်စပ်လိမ့်မည်ဟု အတည်တကျ မယူကြကုန်နှင့်။

(၇) မိမိတို့အတွေးအခေါ် အယူအဆကို မိမိတို့၏ အတွေးဖြင့်သာလျှင် အကြောင်းယုတ္တိပေး၍ တင်ပြနိုင်ရုံမျှဖြင့် ကိုယ့်အတွေး ကိုယ့်ယုတ္တိ ဟုတ်ပြီဟု မယူကြကုန်နှင့်။

(၈)ဆရာတစ်ယောက်ယောက် လာရောက်ဟောပြောချက်သည် မိမိတွေးထင်ထားသည်နှင့် ကိုက်ညီသွားပြီဆို ရုံမျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု မယူဆကြကုန်နှင့်။

(၉) လေးစားထိုက်သော လောကကဂရုပြုနေသည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ဝါဒသည် ဖြစ်နိုင်ဖွယ်ရှိသည်ဟူ၍လည်း တစ်ထစ်ချ မယူကြကုန်နှင့်။

(၁၀) မိမိတို့ ဆည်းကပ်ကိုးကွယ်သော ဆရာတို့၏ စကားတိုင်းသည်လည်း ဟုတ်ပြီမှန်ပြီ အကျိုးရှိပြီဟု အပြီးသတ် မမှတ်ယူကြကုန်နှင့်။
ဟူ၍ ဘုရားရှင် မိန့်မှာတော်မူခဲ့သည်ကို သတိမူကြလျှက်=

ဤဘလော့၌ ရွာဦးကျောင်းဆရာတော် ဤကဲ့သို့ ဖြေကြားထားသည်ဟူ၍လည်း ဟုတ်လှပြီဟု အပြီးသတ် မမှတ်ယူကြစေချင်ပါ။


  © Blogger templates Palm by Ourblogtemplates.com 2008

Back to TOP